၃၀ ဒီဇင်ဘာ
အင်္ဂလန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၃,၀၀၀ ကျော် ရှိနေပါတယ်။ ဆေးရုံတွေမှာ ကုသမှုခံနေသူ အရေအတွက်ဟာလည်း ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်ခဲ့တဲ့ ဧပြီလ ကထက် များနေတာကို တွေ့ရပါတယ်။ အခုလို အခြေအနေတွေကြောင့် ကျန်းမာရေး စောင့်ရှောက် ရေး လုပ်ငန်းတွေ အပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာကိုလည်း စိုးရိမ်နေပါတယ်။
ပထမလှိုင်းအတွင်း ရောဂါပိုး တွေ့ရှိမှုများတဲ့ ဧပြီ ၁၂ ရက်မှာ ဆေးရုံတွေမှာ ကုသမှုခံသူဟာ ၁၈,၉၇၄ ဦး ရှိပေမယ့် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်ကြောင့် လက်ရှိအချိန်မှာ ၂၀,၄၂၆ ဦး ရှိကြောင်း သိရပါတယ်။
အင်္ဂါနေ့ ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၃,၁၃၅ ဦး ရှိနေတဲ့အတွက် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် ကျောင်းတွေ ပြန်မဖွင့်ရေး အပါအဝင် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးရန် အစိုးရမှာ ဖိအားတွေ ရှိနေတာကို တွေ့ရပါတယ်။
အင်္ဂလန်မှာ နေထိုင်တဲ့ လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂၄ သန်းသော သူတွေဟာ အိမ်မှာပဲနေရန် စည်းမျဉ်းစည်းကမ်းနဲ့အတူ ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေးဆိုင်ရာနေရာတွေ အားလုံးကို ပိတ်ထားပါတယ်။
ပုံမှန်အားဖြင့် ဆောင်းတွင်းကာလဟာ ဆေးရုံတွေဟာ အလုပ်များတဲ့ အချိန်ဖြစ်ပြီး ပိုးတွေ့သူ များလာခြင်းကြောင့် ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မနိုင်မနင်း ဖြစ်လာကို ကျန်းမာရေးဝန်ကြီးက စိုးရိမ်တဲ့အတွက် ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ကျင်းပမယ့် လွှတ်တော်မှာ ရောဂါပိုး ကူးစက်မှု ထိန်းချုပ်မယ့် စည်းမျဉ်းတိုးမြှင့်ချထားရန် တင်ပြမှာဖြစ်ပါတယ်။
ဗြိတိန် ဆရာဝန်များ အသင်းရဲ့ ဉက္ကဋ္ဌ ဒေါက်တာ ဆန်မသာ ဘတ် ရောဒန်က ဝန်ဆောင်မှု ပေးနိုင်မှု ဝန်ထမ်း အရေအတွက်ဟာ တော်တော်နည်းလာပြီ အောက်ဆီဂျင်နဲ့ တခြားကိရိယာတွေကလည်း လုံလောက်မှု မရှိတော့တဲ့အတွက် ပြည်သူတွေဟာ ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ဗြိတိန်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၂,၃၈၂,၈၆၅ ဦး ရှိသွားကြောင်း သိရပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူဟာ ၄၁၄ ဦးရှိတဲ့တွက် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာလည်း ၇၁,၅၆၇ ဦးအထိ ရှိသွားတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP