၃၀ ဒီဇင်ဘာ

 

 

ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် ညမထွက်ရအမိန့် အချိန်တိုးမြှင့် ထုတ်ပြန်ရန် စဉ်းစားနေကြောင်း ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် တစ်နိုင်ငံအား အသွားလာ ကန့်သတ်မိန့် ထပ်မံ ထုတ်ပြန်မလား သို့မဟုတ် ပိုးကူးစက်မှုများတဲ့ ဒေသတွေကိုပဲ အသွားအလာ ကန့်သတ်မိန့် ထုတ်ပြန်မလား ဆိုတာ အစိုးရက စဉ်းစားနေကြောင်း ကျန်းမာရေး ဝန်ကြီး အိုလီဗာ ဗာရန် က ထည့်သွင်းပြောကြားပါတယ်။

 

 

လက်ရှိ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ဟာ ည ၈ နာရီကနေ နံနက် ၆ နာရီ အထိ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းဒဏ် ဆိုးဆိုးရွားရွားခံစားနေရတဲ့ နေရာတွေမှာ ညနေ ၆ နာရီကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ ပြင်ဆင်နေကြောင်း ၊ ဒီပြင်ဆင်ချက်ကို လာမယ့် စနေနေ့ (ဇန်နဝါရီ ၂ ရက်နေ့) ကစမယ်လို့  ဝန်ကြီး ဗာရန် က ပြောပါတယ်။

 

 

အင်္ဂါနေ့ရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ ၁၁,၃၉၅ ဦး ရှိကြောင်း သိရပါတယ်။  ပြင်သစ်အစိုးရက နေ့စဉ် ပိုးတွေ့ရှိသူ အရေအတွက် ၅,၀၀၀ သာ ရှိခဲ့မယ်ဆိုရင် တားမြစ်ချက်တွေကို ဖျက်သိမ်းသွားဖို့ ရည်မှန်းထားပါတယ်။

 

 

ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူတွေထဲက ဆေးရုံတွေမှာ ကုသမှုခံယူနေသူ အရေအတွက် ဟာ ၂၄,၇၄၃ ဦး ရှိတဲ့အတွက် ဒီဇင်ဘာ ၂၃ ရက် နောက်ပိုင်းမှာ အများဆုံးဖြစ်ပါတယ်။

 

 

ကျန်းမာရေးဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေအား ကုသရေးမှာ အခက်အခဲနဲ့ ကြုံတွေ့နေသလို နောက်တစ်ကြိမ် အသွားအလာ ကန့်သတ်မှု (lockdown) မထုတ်ပြဘဲ ပိုးကူးစက်မှုကို ထိန်းချုပ်ရန် အစိုးရမှာ ဖိအားတွေ ရှိနေတာကို တွေ့ရပါတယ်။

 

 

ပြင်သစ်ကျန်းမာရေးဝန်ထမ်း အချို့ကတော့ တစ်နိုင်ငံလုံးအား သီတင်းပတ် အနည်းငယ် အသွားအလာ ကန့်သတ်ရေး (lockdown) ချမှတ်စေချင်ကြောင်း သိရပါတယ်။

 

 

ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂,၅၇၄,၀၄၁ ဦးနဲ့ သေဆုံးသူ ၆၄,၀၇၈ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP