နေပြည်တော် ၊ ၃၀ ဒီဇင်ဘာ

 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်မှုများ၊ နိုင်ငံခြားနည်းပြ ခေါ်ယူမှုများ၊ ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များ၊ အားကစားအသုံးဆောင် ထောက်ပံ့ပစ္စည်းများကို မြေပြင်တွင် အမှန်တကယ်ကိုက်ညီ ထိရောက်မှုရှိစေရန် ထပ်မံ၍ ညှိနှိုင်းဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ အားကစားနည်း(၄၀)၊ အားကစားအမျိုးအစား (၅၁၈)နည်းဖြင့် ကျင်းပရန် လျာထားသဖြင့် မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအမျိုးအစားများကို သက်ဆိုင်ရာအဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျစ်လစ်ထိရောက်မှုရှိသောစုဖွဲ့မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အားကစား အဖွဲ့ချုပ်များအနေဖြင့် မိမိတို့၏ လက်ရှိအခြေအနေစုဖွဲ့မှုကို သိရှိနိုင်မည် ဖြစ်ပါကြောင်း၊ အမှန်တကယ်ဆုရရှိနိုင်မည့်ဟု ခန့်မှန်းထားသော အားကစားနည်းများဖြစ်သော ဗိုဗီနမ်၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ဘိလိယက်နှင့် စနူကာ၊ မြှားပစ်၊ ဂျူဒို၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ အလေးမနှင့် ဝူရှူး အစရှိသော အားကစားအဖွဲ့ချုပ်များဖြင့် ရှေးဦးစွာညှိနှိုင်းကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကာလဖြစ်၍ ကိုဗစ် စည်းကမ်းချက်များနှင့်အညီ စခန်းသွင်းလေ့ကျင့်နိုင်ရေးကို နိုင်ငံတော်သို့ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက စည်းကမ်းချက်များနှင့်အညီ စခန်းသွင်းလေ့ကျင့်သွားမည် ဖြစ်ပါကြောင်း  ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဝင်ရောက်နိုင်ရေးအတွက် လိုအပ်သည့် Sport entry list, application form အစရှိသည့် အချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ အိမ်ရှင်ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နှောင့်နှေးကြံ့ကြာမှုမရှိစေရန် ဆောင်ရွက်ရမည့်အခြေအနေများ၊ နိုင်ငံခြားနည်းပြခေါ်ယူမှု၊ G to G အစီအစဉ်၊ ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက စခန်းသွင်း လေ့ကျင့်ဆောင်ရွက်ရာတွင် အဖွဲ့ချုပ်များမှ မိမိတို့ စခန်းသွင်းလေ့ကျင့်မည့် လူဦးရေ၊ အားကစားအမျိုးအစား ပူးတွဲလေ့ကျင့်မည့် အစီအစဉ်များ၊ နိုင်ငံခြားနည်းပြခေါ်ယူ လေ့ကျင့်မှုဆိုင်ရာများကို အတိအကျ ဆွေးနွေးစေလိုကြောင်း၊ ထိုမှသာ ကိုဗစ်-၁၉ ကော်မတီ စည်းကမ်းချက်များနှင့်အညီ စခန်းသွင်း လေ့ကျင့်ထောက်ပံ့မှုများကို ထိရောက်စွာ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ တက်ရောက်လာကြသော အားကစားအဖွဲ့ချုပ်များမှ (၃၁)ကြိမ်မြောက် အရှေ့တောင် အားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ရွှေ၊ ငွေ၊ ကြေး ရရှိမှုအခြေအနေ Training Programe အစီအစဉ်များဖြစ်သော Online Training ၊ Self Training အစရှိသော လေ့ကျင့်ရေးအတွက် ဆောက်ရွက်ထားရှိမှုများ၊ နိုင်ငံခြားနည်းပြငှားရမ်းခေါ်ဆိုလိုမှု အခြေအနေများ၊ Joint Training၊ G to G Training၊ စခန်းသွင်းလေ့ကျင့်မည့် အစီအစဉ်များ၊ ဘတ်ဂျက်သုံးဆွဲရန် လျာထားမှုအခြေအနေများ၊ အားကစားသမားရွေးချယ်မှု အစီအစဉ်များ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ၊ လိုအပ်သည့်အခြေအနေ အားသာချက်ရှိသည့် အားကစားအမျိုးအစားများကို SEAGF Concil meeting  မှ တစ်ဆင့် တင်ပြတောင်းဆိုရန်အချက်များ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအမျိုးအစား (Event) များအလိုက် အစီအစဉ်များကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် အထောက်အပံ့များကို တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ နည်းပြ/ အုပ်ချုပ်မှုအဖွဲ့မှ မိမိတို့၏ အားကစားသမား စွမ်းဆောင်ရည်ကို ပိုမိုသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အောင်မြင်ထိရောက်မှုရှိသော ပံ့ပိုးမှုများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဘတ်ဂျက်ခွဲဝေရရှိမှုပေါ် မူတည်၍ အတတ်နိုင်ဆုံး ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် မှန်ကန်ထိရောက်သော လုပ်ငန်းစဉ် အကြံဉာဏ် အကူအညီများပေးခြင်းဖြင့် မြန်မာ့အားကစား အောင်နိုင်ရေးကို ဖော်ဆောင်‌နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်