နေပြည်တော် ၊ ၃၀ ဒီဇင်ဘာ

 

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသားကော်မတီအဖွဲ့ဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်နှင့် ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ဆင်းရဲမှုလျှော့ချရေးကို အထောက်အကူပြုရုံသာမက လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းအစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် “လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ” ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ မေ(၁၇)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၈)ဖြင့် လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးဆောင်၍ (၁၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။

 

လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “လုပ်ငန်းကော်မတီ”၊ “နည်းပညာအထောက်အကူပြုကော်မတီ” နှင့် “စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းကော်မတီ” တို့ကို ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး “လုပ်ငန်းအဖွဲ့ (Taskforce)” များကိုလည်း ဖွဲ့စည်းပြီး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

 

“အမျိုးသားကော်မတီ” ၏ တတိယအကြိမ် အစည်းအဝေးနှင့် စတုတ္ထအကြိမ် အစည်းအဝေးကြားကာလအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ကြည့်လျှင် တိုးတက်မှုများရှိလာသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်နေသေးသည့်အကြောင်းအရာများကိုလည်း တွေ့ရပါကြောင်း၊ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း မျှော်လင့်မထားဘဲ ကြုံတွေ့ရသည့် COVID-19 ကမ္ဘာ့ ကပ်ရောဂါကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ၏ အကောင်အထည်ဖော်မှုပုံစံများကိုလည်း ပြောင်းလဲဆောင်ရွက်ခဲ့ရပါကြောင်း၊ ထို့ပြင် “COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan -CERP)” ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် “လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်” အသစ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း CERP အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူချင်းတွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်များရှိလာပါကြောင်း၊ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်များအား ငွေကြေးအထောက်အပံ့ပေးရန်အတွက် “ငွေဗိုက်အစီအစဉ် Mobile Application” တစ်ခုရေးဆွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုယ်တိုင် စာရင်းရေးသွင်းနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း။

 

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း၌ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးပါမှုကို ပိုမိုသတိထားမိလာကြပါကြောင်း၊ မိမိတို့ကော်မတီဝင်များ အနေဖြင့်လည်း အနာဂတ်တွင် အလားတူ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးများနှင့် ကြုံတွေ့လာပါက ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရေးအတွက် ယခုတွေ့ကြုံနေရသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေများအပေါ် သင်ခန်းစာဖော်ထုတ်၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် အစီအမံများကို ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Information System - SMIS)” ကို စတင်တည်ဆောက်နေပြီဟု သိရှိရပါကြောင်း၊ အဆိုပါစနစ် တည်ဆောက်နေမှုသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် အရေးပါသည့် တိုးတက်ဖြစ်ထွန်းမှုတစ်ခုလည်း ဖြစ်ပါကြောင်း၊ “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက် အလက်စနစ်” တည်ဆောက်ပြီးသည့်အခါ အဆိုပါစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကာ ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်” ကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာ့ဘဏ်ချေးငွေနှင့် နိုင်ငံတော်ရန်ပုံငွေ ပေါင်းစပ်ကာ “ဧရာဝတီတိုင်းဒေသကြီး” နှင့် “ရှမ်းပြည်နယ်” တို့တွင် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တိုးတက်ဖြစ်ထွန်းမှုတစ်ရပ်အနေဖြင့် ရှုမြင်မိပါကြောင်း၊ နောက်ထပ်မြင်တွေ့ခဲ့ရသည့် တိုးတက်ဖြစ်ထွန်းမှုတစ်ခုမှာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာ၌ “Electronic Cash Transfer နည်းလမ်း” ကို အသုံးပြုပြီး “ဧရာဝတီတိုင်းဒေသကြီး”၊ “ရှမ်းပြည်နယ်” နှင့် “ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်” တို့တွင် စတင်စမ်းသပ် ဆောင်ရွက်လာနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများ ပြုလုပ်သည့်နေရာ၌ ကနဦးကာလတွင် အခက်အခဲများစွာ တွေ့ကြုံရနိုင်ပါကြောင်း၊ အဆိုပါ အခက်အခဲများအပေါ် သင်ခန်းစာရယူကာ ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် အောင်မြင်မှုများနှင့် တိုးတက်ဖြစ်ထွန်းမှုများ သာမက အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိနေသည်ကိုလည်း နားလည်သဘောပေါက်ထားရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်မှု အကန့်အသတ်ရှိခြင်းများ၊ မူလစီစဉ်ထားသည့် လုပ်ငန်းများကို ပြောင်းလဲပြီး ဆောင်ရွက်ရခြင်းများနှင့် အခြားသော COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေမှု အခြေအနေများနှင့် ဆက်စပ်သည့်အခက်အခဲများကိုလည်း ကြုံတွေ့ခဲ့ကြရပါကြောင်း၊ ထို့ပြင် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော “ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ” နှင့် “ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားရန်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ” အတွက် ရေရှည်ရန်ပုံငွေရရှိရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည့်အတွက် “ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ” တစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါမဟာဗျူဟာတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် စတင်ဆောင်ရွက်နေသည်ကိုလည်း သိရှိထားပါကြောင်း။

 

ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ ရေရှည်တည်တံ့ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ကျောထောက်နောက်ခံပြုထားနိုင်ရန်လည်း အရေးကြီးပါကြောင်း၊ ထို့အတွက် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း “လူမှုရေး အထောက်အပံ့ဆိုင်ရာဥပဒေ(မူကြမ်း)” ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း။

 

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan - MSDP)” တွင် ပါဝင်သည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် “လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း” များသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေသည့် လုပ်ငန်းဖြစ်သည့်အတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရန်ပုံငွေရရှိရေးကိစ္စရပ်များတွင် ဝန်ကြီးဌာနများအကြား၊ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်” တည်ဆောက်နေမှုအခြေအနေ၊ “မြန်မာ့လူမှုရေး အထောက်အပံ့ဆိုင်ရာဥပဒေ(မူကြမ်း)”ကို ရေးဆွဲပြီးဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ “လူမှုရေးပင်စင်အစီအစဉ်” နှင့် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်” တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (COVID-19 Economic Relief Plan - CERP) အစီအစဉ်များအရ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “ရန်ပုံငွေရရှိရေး”၊ “ရေရှည်ရန်ပုံငွေရရှိရေး” နှင့် “လူသားအရင်းအနှီး လုံလောက်စွာရရှိရေး” ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးက လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး လုပ်ငန်းအစီအစဉ်များ၊ လူမှုရေးပင်စင်ထောက်ပံ့ပေးရေး လုပ်ငန်းအစီအစဉ်များ၊ ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်တိုးချဲ့ ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းအစီအစဉ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိမှုအခြေအနေနှင့် COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်(CERP)အရ COVID-19 ကာလအတွင်း ငွေကြေးထောက်ပံ့ပေးနေမှု အခြေအနေများကို  ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူမှုဖူလုံရေးဥပဒေ ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်အာမခံစနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်(CERP) အစီအစဉ်အရ အလုပ်သမားများကို ထောက်ပံ့ပေးနေမှု အခြေအနေ၊ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ပေးနေမှု အခြေအနေနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် စနစ်တကျ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များတွင် ထောက်ပံ့ပေးလျက်ရှိသည့် ကိစ္စရပ်များ၌ ရသင့်ရထိုက်သူများ ရရှိရေးအတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးတို့က သက်ဆိုင်ရာဌာနများအလိုက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက် (၇)ချက် ချမှတ်ကာ အတည်ပြုချက်ရယူသည်။

 

ယင်းနောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေး၌ ဆွေးနွေးအကြံပြုချက်များသည် ကောင်းမွန်ပြီး လွန်စွာအကျိုးရှိပါကြောင်း၊ ဆွေးနွေးအကြံပြုချက်များကိုလည်း ထိရောက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် သာမန်အားဖြင့်ကြည့်လျှင် ငွေကြေးအကုန်အကျများသည်ဟု ထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ “လူမှုစီးပွားထိခိုက်လွယ်မှု အခြေအနေများကို လျှော့ချပေးရန်”၊ “လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်” နှင့် “အခြေခံဝင်ငွေအထောက်အပံ့ဖြစ်စေရန်” အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို နိုင်ငံတကာတွင်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်နေကြပါကြောင်း၊ မိမိတို့နိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ်များအပေါ် ရန်ပုံငွေသုံးစွဲမှုတွင် ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်လူမှု ကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းအစီအစဉ် (၈)ရပ်အနက် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်” ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် အမျိုးသားကော်မတီအစည်းအဝေးအပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ “လူမှုရေးပင်စင်” ထောက်ပံ့ရာတွင်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသက်(၉၀)နှစ်နှင့်အထက် အဘိုး အဘွားများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅)နှစ်သို့ လျှော့ချပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အသက် (၈၀)နှစ်သို့ လျှော့ချဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း ဘဏ္ဍာရန်ပုံငွေ မလုံလောက်သည့်အတွက် ယာယီရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ မိမိတို့ကော်မတီသည် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပေးအပ်ထားသည့် လုပ်ငန်းစဉ် (၁၁)ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုလို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရရှိပြီးသားအခြေအနေများအပေါ် အခြေခံပြီး ပိုမိုတိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်