နေပြည်တော် ၃၀ ဒီဇင်ဘာ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  အမျိုးသားလွှတ်တော်ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များမှ ပညာရေးနှင့်သက်ဆိုင်သော ကိုယ်စားလှယ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင်  လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှမကျန်ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုအခွင့် အလမ်းမဆုံးရှုံး စေရေးတို့သည် ပညာရေးဝန်ကြီးဌာန၏ မူဝါဒများဖြစ်ပြီး မျှော်မှန်းရလဒ်များမှာ ကမ္ဘာ့လူသားကောင်းဖြစ်ရန်၊ ပူးပေါင်းဆောင်ရွက်တတ်ရန်၊ တာဝန်ယူ တာဝန်ခံတတ်ရန်နှင့် ဆန်းသစ်တီထွင်ဖန်တီးတတ်ရန်တို့ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့်  ပညာရေးအသုံးစရိတ်များ တိုးမြှင့်ပေးခြင်းကြောင့်  တိုင်းရင်းသားဒေသများ ဦးစားပေးပြီး လိုအပ်ချက်များဖြစ်သော ဆရာ၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။

အခြေခံ ပညာသင်ရိုး ညွှန်တမ်းအညွှန်းဘောင်အရ ဒေသသင်ရိုးအဖြစ် သတ်မှတ်ထားသည့် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းတို့အတွက် တိုင်းရင်းသားဘာသာစကား သင်ကြားရေးစာအုပ်များကို  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းပြုစု၍ သင်ကြားသင်ယူပေးလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနက အခမဲ့ပုံနှိပ်ဖြန့်ဝေပေးရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘာသာစကားသင်ဆရာများ၊ သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမများကို အရည်အချင်း သတ်မှတ်ချက်များအရ ခန့်ထားပေးခြင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် တိုင်းရင်းသား ဒေသခံများကိုလည်း ပညာရေးဆိုင်ရာသင်တန်းများ၊ ပညာရေးဒီဂရီကောလိပ်နှင့် တက္ကသိုလ်များသို့ တက်ရောက်ရန် အားပေးလျက်ရှိပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားဒေသခံများကို ဦးစားပေး ရာထူးခန့်/ ပြောင်း/ တိုးနိုင်ရေးစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒသမတန်း၊ ဧကဒသမတန်း၊ ဒွာဒသမတန်းတို့တွင် ဒေသသင်ရိုးအဖြစ် အိုင်စီတီ၊ အိမ်တွင်းမှုသက်မွေး သင်တန်းနှင့် အကြိုသက်မွေးသင်တန်းတို့ကို သင်ကြားသင်ယူပေးနိုင်ရန် အခြေခံပညာ သင်ရိုးညွှန်းတမ်းအညွှန်းဘောင် သတ်မှတ်ချက်နှင့်အညီ အားပေးဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့အားပေးမှုကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြီးမြောက်သူ ဦးရေတိုးမြင့် လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်း ကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော်ရှိလာပြီး ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် (၇) ချက်နှင့်ပြည့်မီသူ  (၅၆၆၂၇၄) ဦးကို အထက်တန်းသင်ယူပြီး မြောက်သည့်လက်မှတ် ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ International Mathematical Olympiad တွင် အထက်တန်းကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention (၆) ခုရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း။

အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှုဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM) သည် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ၏ စာဖတ်စွမ်းရည်၊ အရေးစွမ်းရည်၊ အတွက်စွမ်းရည်နှင့် ကမ္ဘာ့လူသား ကောင်းဖြစ်မှုတို့ကို စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပြီး မိဘ၊ ဆရာများ၊ ကျောင်းအုပ်များကိုလည်း စစ်ဆေး အကဲဖြတ်ပါကြောင်း၊ ယင်းစစ်ဆေးအကဲဖြတ်မှုတွင် အရှေ့တောင် အာရှနိုင်ငံ ၆ နိုင်ငံတွင် အဆင့် ၃ တွင်ရှိခြင်းနှင့် ကျား-မ၊ ကျေးလက်-မြိုပြ၊ ဝင်ငွေနည်း-များ၊ စာသင်ခန်း-ကျောင်းသားအချိုး စသည်တို့တွင် ကွာဟမှုအနည်းဆုံးဖြစ်ခြင်းတို့သည် အားသာချက်များ ဖြစ်သော်လည်း ကျောင်းသား ကျောင်းသူများတွင် အပြုသဘောဆောင်သည့် သဘောထားများနှင့် တန်ဖိုးထားမှုများရှိရန်နှင့်  မိဘများသည် ဆရာ ဆရာမနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းများတွင် အားကောင်းရန် လိုအပ်ပါကြောင်း၊

ထို့ပြင် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) စသည့် ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိစေရန်အတွက် အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍနှင့် အဆင့်မြင့်ပညာ ကဏ္ဍတို့တွင် သင်ရိုးညွှန်းတမ်းမြှင့်တင်ခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်းများ သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှု ပြောင်းလဲခြင်း၊ ဆရာ ဆရာမများအတွက် တတ်ကျွမ်းမှုစံ သတ်မှတ်ချက်အညွှန်းဘောင် သတ်မှတ်ချက်နှင့်အညီ ဆရာ ဆရာမများကို ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဆရာ ဆရာမများ၊ ဝန်ထမ်းများတို့၏ စွမ်းဆောင်ရည်မြှင့်တင်ရာတွင် ကျွမ်းကျင်မှုများကို Reskilling လုပ်ခြင်း၊ Upskilling လုပ်ခြင်းတို့ဖြင့် စဉ်ဆက်မပြတ် အရည်အသွေး မြှင့်တင်မှုအခွင့်အလမ်းများအတွက် သင်တန်းများပေး၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအရ နိုင်ငံတကာတွင် Massive Open Online Courses Massive Open Online Distance Learning ကဲ့သို့ အခမဲ့ သင်တန်းများသင်ယူရန် အခွင့်အလမ်းများ များပြားလာပြီး ပညာရေးဝန်ကြီးဌာနတွင်လည်း Myanmar Digital Education Platform - MDEP  ဖြင့် သင်တန်းများ ဆောင်ရွက်ထားပါကြောင်း။

ထိုသို့ ပြည်တွင်း ပြည်ပသင်တန်းများတွင် တစ်သက်တာသင်ယူနိုင်ရန်အတွက် အင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီကျွမ်းကျင်မှုသည် အခြေခံလိုချက်ဖြစ်သဖြင့် အင်္ဂလိပ်ဘာသာစကားအရည်အချင်း မြှင့်တင်ခြင်းနှင့် အိုင်စီတီဆိုင်ရာသင်တန်းများ၊ စီမံခန့်ခွဲမှု သင်တန်းများဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ ပြည်သူ့ဘဏ္ဍာကို ပွင့်လင်းမြင်သာ၍ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီး ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုသင်တန်းများပေးခြင်း၊ ဒီဂျစ်တယ်/ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း၊ အောင်လက်မှတ်ချီးမြှင့်ခြင်းနှင့် ဒီဂျစ်တယ်ဘဏ်စနစ်များကို ပံ့ပိုးဖြည့်ဆည်းပေးရန်နှင့် ပြည်တွင်း ပြည်ပ ပညာသင်ဆု များရရှိရေး၊ အသုံးချသုတေသနများ၊ Quality Culture ၊ အရည်အသွေးရှိအချက်အလက်များ ဖြစ်ပေါ်လာရေး အားပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ပြည်သူ့ဘဏ္ဍာငွေများကို ပညာရေးရင်းနှီးမြှပ်နှုံမှုများ ဆောင်ရွက်ရာ၌ ပညာရေးဝန်ကြီးဌာနသည် မည်သည့်ပေးခြင်း၊ ယူခြင်းနှင့် အုပ်စုဖွဲ့ခြင်း၊ ဘက်လိုက်ခြင်းများကိုမျှ အားမပေးပါကြောင်း၊ ပညာရေးအသုံးစရိတ်များကို ပွင့်လင်းမြင်သာစွာ၊ အကျိုးရှိ ထိရောက်စွာ အသုံးပြုလျက် Value for money အဓိကဦးစားပေးရန် အရေးကြီးပါကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် စာရင်းစစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် သင်ယူခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပညာ အရည်အချင်း မူဘောင်သည် တစ်သက်တာသင်ယူမှုအတွက် အရေးကြီးပါကြောင်း၊ မူလတန်းသင်ယူပြီးမြောက်လျှင် Level – 1 ဖြစ်ပါကြောင်း၊ အလယ်တန်းသင်ယူပြီးမြောက်လျှင် Level – 2 ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီး မြောက်လျင် Level – 3 ဖြစ်ပါကြောင်း၊ Level – 4 သည် Short Cycle တစ်နှစ်အထိ သင်တန်းလေးများဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက်တက်၍ မရသော်လည်း  Level – 5 ကို သွားလို့ရပါကြောင်း၊ Level – 5 သည် Short Cycle တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာသင်တန်းများဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက Level - 6 သို့ ဆက်လက်ကူးပြောင်း သင်ယူလို့ရပါကြောင်း၊  Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ကျော်ပြီး Level – 6 သို့ တိုက်ရိုက်တက်ရောက် ပညာသင်ယူနိုင်ရန်မှာ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ USA တွင် SAT၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင်၊ ဂျပန်တွင် National Examination ကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည်  Level – 3 မှ Level – 6  တက္ကသိုလ်သို့ တိုက်ရိုက်ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူအားလုံးအတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါကြောင်း၊ Level – 7 သည် မဟာဘွဲ့သင်တန်းဖြစ်ပြီး  Level – 8 သည် ပါရဂူဘွဲ့သင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေးအဆင့်ပေါ်မူတည်ပြီး Level အဆင့် သတ်မှတ်ချက်မတူညီသဖြင့် ဂုဏ်သိက္ခာရှိသော ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရန်အတွက် Level သတ်မှတ်ချက်နှင့်အညီ တစ်သက်တာသင်ယူမှုအခွင့်အလမ်းများ ပံ့ပိုးပေးရန်သည် အရေးကြီးပါကြောင်း။

နည်းပညာခေတ်တွင် ဉာဏ်ရည်တု၊ စက်ရုပ်တီထွင် အသုံးချမှုပညာ၊ Cloud Computing၊ Big Data၊ Automation Technology၊ Internet of Things များ အားကောင်းလာသဖြင့် လုပ်သားဈေးကွက်ပြောင်းလဲလာခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာ၍ အဆင့်မြင့် ကျွမ်းကျင်မှု အရေးပါလာပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိရန်၊ မတူညီမှုများ လျော့ချရန်နှင့် အနာဂတ် သာယာလှပရန်အတွက် အရည်အသွေးရှိသောပညာရေးသည် အရေးကြီးပါကြောင်း။

ရှေးထုံးစဉ်လာပညာရေးတွင် လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများက ကျောင်းသားများကို သင်ကြားခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ်ကျက်မှတ်ခြင်း၊ ဆရာများက သင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲဖြတ်ခြင်း၊ စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်းတို့ကို တွေ့ရှိရပါကြောင်း။

New Normal Education တွင် တန်ဖိုးထားမှုများ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သောဖွံ့ဖြိုးမှုပန်းတိုင်၊ သဘာဝ၊ ရွှေ့ပြောင်းနေထိုင်မှု၊ လူသက်တမ်းရှည်ကြာမှု၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲလာမှုများ၊ အသင်းအဖွဲ့ စိတ်ဓာတ်များ၊ လိုက်လျောညီထွေဖြစ်မှု၊ ပွင့်လင်းမြင်သာမှု၊ စုပေါင်းအင်အားဖြင့် တာဝန်ယူတာဝန်ခံမှုတို့ဖြင့် ကျောင်းနှင့်လူ့အဖွဲ့အစည်းများ အချင်းချင်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းအချက်များကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရန်လိုအပ်ပါကြောင်း၊ ထို့အပြင် တစ်သက်တာဒီဂျစ်တယ်သင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့ လိုအပ်လာပါကြောင်း၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အတိုင်း ဆန္ဒ၊ ဝီရိယ၊ ကြိုးစားမှု၊ တည်ငြိမ်မှုနှင့် ပညာသင်ယူရန်သည် အလွန်အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပြည်သူများ၏ ညီညွတ်မှုဖြင့် ပူးပေါင်းပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ခြင်းသည် ပညာရေးဝန်ကြီးဌာနအတွက် တန်ဖိုးရှိ၍ အရေးကြီးပါကြောင်း၊ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သည့် အင်အားဖြင့်သာ အဆင့်မြင့် ကျွမ်းကျင်မှုနှင့် စွမ်းရည်များကို ပြည့်ဝနိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်သင်ယူမှုအတွက် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်များတွင် University Autonomy ကို ဦးတည်အကောင်အထည်ဖော်ရန်အတွက် Master Plan တက္ကသိုလ်ပဋိညာဉ်စာတမ်းများနှင့်အညီ University Council Senate Administrative Board များဖွဲ့စည်းခြင်း၊ အခြေခံသုတေသန၊ အသုံးချသုတေသန ဆောင်ရွက်မှုကို အားပေးခြင်း၊ သင်ရိုးညွှန်းတမ်းများမြှင့်တင်ခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများကို လက်တွေ့ကျကျ Theory နှင့် လက်တွေ့ပေါင်းစပ်ပြီး လုပ်ငန်းခွင်နှင့် ချိတ်ဆက်ကာ ဘွဲ့ရရှိသူများကို အလုပ်အကိုင်ကောင်းများရရှိရန်နှင့် လိုအပ်သော စွမ်းဆောင်ရည်များပြည့်ဝစေရန် ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသလိုအပ်ချက် နှင့်ကိုက်ညီ၍ ပြည်ထောင်စု၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုသည့် ဒီပလိုမာသင်တန်း၊ ရိုးရိုးဘွဲ့သင်တန်း၊ မဟာဘွဲ့ သင်တန်းများဖွင့်လှစ်နိုင်ရေး ပူးပေါင်းပံ့ပိုး ဖြည့်ဆည်းပေးရန် အရေးကြီးပါကြောင်း။

နိဂုံးချုပ်အနေဖြင့် High–Tech Learning သည် Understanding နှင့် Remembering Skills တို့ကိုသာ မြှင့်တင်ပေးနိုင်ပါကြောင်း၊ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်ပြီး အရည်အသွေးရှိသည့် သင်ယူမှုဝန်းကျင်ကောင်းဖြင့်သာ ဖော်ဆောင်နိုင်သော Face-to-Face Teaching Learning တနည်းအားဖြင့် High–Touch learning သည် ယနေ့အထိ မည်သို့မျှ အစားထိုး၍မရသေးပါကြောင်း၊  ApplicationAnalysisEvaluationInnovation တို့ကို High-Touch အသုံးပြု၍သာ မြှင့်တင်ပေးနိုင်ပါသဖြင့် High–Tech learning နှင့် High–Touch learning ကို ပေါင်းစပ်သင်ယူခြင်း Blended Learning သည် ယနေ့ဒီဂျစ်တယ်ခေတ်၌ အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန်မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာကဏ္ဍတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်