အစ္စလာမ္မာဘတ် ၃၀ ဒီဇင်ဘာ

ပါကစ္စတန်အစိုးရသည် ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ကို ယနေ့စမ်းသပ်ပစ်လွှတ်ခဲ့ရာ သတ်မှတ်ထားသည့်ပစ်မှတ်ကို အောင်မြင်စွာထိမှန်ခဲ့ကြောင်း ပါကစ္စတန်ရေတပ်မှ ထုတ်ပြန်သည့်ကြေညာချက်အရ သိရသည်။

ပါကစ္စတန်ရေတပ်သည် အထင်ကြီးလေးစားလောက်သော ဒုံးကျည်စွမ်းရည်ကို ပြသသည့်အနေဖြင့် ၎င်း၏ ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည်အား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခြင်းမှတစ်ဆင့် စစ်ဆင်ရေးအတွက် အဆင်သင့်ရှိမှုကို ပြသနိုင်ခဲ့ကြောင်း ပါကစ္စတန်ရေတပ်ဗိုလ်ချုပ်ကြီး မူဟာမက်အာရှစ် ဂျဗက်ဒ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ပါကစ္စတန်ရေတပ်၏ စစ်ဦးစီးအရာရှိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မူဟာမက်အမ် ဂျတ်ခန်နီယာဇီက ပါကစ္စတန်အမျိုးသားရေပြင် အကျိုးစီးပွားများအား အကာအကွယ်ပေးရန် စစ်ဆင်ရေးအတွက် ပါကစ္စတန်ရေတပ်၏ အဆင်သင့်ရှိမှုနှင့် ပတ်သက်၍ ကျေနပ်အားရမိပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပါကစ္စတန်ရေတပ်အနေဖြင့် ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည်အား အကောင်းဆုံးဖြင့် စမ်းသပ်ပစ်လွှတ်နိုင်ခြင်းက ပါကစ္စတန်ရေတပ်၏ စစ်ဆင်ရေးစွမ်းပကားနှင့် စစ်ပွဲအတွက် အဆင်သင့်ရှိမှုကို ပြသနိုင်ခြင်းပင်ဖြစ်ကြောင်း နီယာဇီက ထပ်မံပြောကြားသည်။

ယခုအခါ ပါကစ္စတန်ရေတပ်မှ တပ်ဖွဲ့ဝင်များသည် ပါကစ္စတန်နိုင်ငံ၏ ရေပိုင်နက် နယ်နိမိတ်မျဉ်းများနှင့် ရေတပ်စခန်းများကို ကာကွယ်စောင့်ရှောက်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ