တောင်ကြီး၊ ၃၁ ဒီဇင်ဘာ
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေးတို့ကို ဒီဇင်ဘာ ၃၀ ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်တွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုရယူခဲ့ပြီး မြေယာအယူခံအမှုတွဲများအား ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်း၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက ပါဝင်ဆွေးနွေးကြပြီး ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


