၃၁ ဒီဇင်ဘာ
တရုတ်နိုင်ငံ SinoVac Biotech ကုမ္ပဏီမှ မှာယူထားသည့် ပထမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ သုံးသန်း သယ်ဆောင်လာသော လေယာဉ်တစ်စင်း ယနေ့ တူရကီနိုင်ငံ၏မြို့တော် အန်ကာရာမြို့ သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှ ဗိုင်းရပ်စ်ကာကွယ်ဆေး ကုန်သေတ္တာ ၁၇ တင်ဆောင်၍ ထွက်ခွာလာသော ဘိုအင်း ၇၇၇ လေယာဉ်က ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၄ မိနစ်တွင် အီဆန်ဘိုဂါလေဆိပ်၌ ဆင်းသက်ခဲ့သည်။ စမ်းသပ်မှုများ နှစ်ပတ်ကြာ ပြုလုပ်ပြီးနောက် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် စတင်မည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာက ပြောသည်။
တူရကီနိုင်ငံက Sinovac ဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ရရှိမည်ဖြစ်ပြီး ကာကွယ်ဆေး အလုံးရေ သန်း ၂၀ ကို ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း ပေးပို့မည်ဟု ကိုကာက ပြောကြားခဲ့သည်။
တူရကီနိုင်ငံက ဂျာမနီနိုင်ငံ အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ BioNTech မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူမည်ဟု ၄င်းက ကြေညာခဲ့သည်။
တူရကီနိုင်ငံ၌ ဒီဇင်ဘာလ ၂၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုကူးစက်မှု ၂ ဒသမ ၁၇ သန်းကျော်၊ ပိုးကင်းစင်သူ ၂ သန်းကျော်နှင့် သေဆုံးသူ ၂၀၃၈၈ ဦးရှိကြောင်း သိရသည်။
ကိုးကား--ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
