စေတုတ္တရာ၊ ၃၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ ၂၂ ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျက်ရှိရာ တယ်ဇား ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တယ်ဇားကျေးရွာတွင် အရှည် ပေ ၂၀၀၀ ရှိသော 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 200 kva Transformer တစ်လုံး တပ်ဆင်ခြင်းလုပ်ငန်းကို မြို့နယ်လျှပ်စစ်ရုံးမှ မတ် ၂၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အား စတင်ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။
ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သောကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၂၀၆ စုမှ လူဦးရေ ၈၂၄ ဦးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


