ဝန်းသို၊   ၃၁   ဒီဇင်ဘာ

 

၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းနိုင်ရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP- National Electrification Plan) အရ မဟာဓာတ်အားလိုင်း ၁၀ မိုင်နှင့်အထက် ကွာဝေးသော ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်း မရောက်မီ မီးလင်းနိုင်ရေးအတွက် မဟာဓာတ်အားလိုင်း(ပြင်ပ) တစ်အိမ်သုံးဆိုလာစနစ်(Solar Home System)ဖြင့် မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘုံချောင်းကျေးရွာတွင် (မီးလင်းရေးလုပ်ငန်း) တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများ မီးရရှိသုံးစွဲနိုင်ပြီဖြစ်သည်။

 

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ထားရှိမှုလုပ်ငန်းများကို ဒီဇင်ဘာ ၃၀ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက တစ်အိမ်သုံး ဆိုလာစနစ်နှင့် အများသုံးဆိုလာစနစ်များ ပြည်စုံစွာတပ်ဆင်ထားရှိမှု၊ မီးသုံးစွဲသူတို့၏ မီးသုံးစွဲမှုအပေါ် ကျေနပ်ခံစားမှု၊ သတ်မှတ်စာချုပ်သက်တမ်းကာလအတွင်း ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်သည်။

 

ဘုံချောင်းကျေးရွာတွင် အိမ်ခြေ ၆၇ အိမ်ရှိပြီး တစ်အိမ်သုံးဆိုလာစနစ် 100 W ၂၅ စုံ၊ 60W ၁၂ စုံကို တပ်ဆင်ပေးခဲ့ရာ 100 W ဆိုလာစနစ်အတွက် တစ်စုံလျှင် ငွေကျပ် ၁၅၀၀၀၀၊ 60W ဆိုလာစနစ်အတွက် တစ်စုံလျှင် ငွေကျပ် ၅၀၀၀၀ ပြည်သူအချိုးကျ ထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စီမံကိန်းမှ စာသင်ကျောင်းအတွက် ဆိုလာ 380Wနှင့် ဆက်စပ်ပစ္စည်း၊ မီးချောင်း ၁၈ ချောင်း၊ မီးသီး နှစ်လုံးကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအတွက် 180W ဆိုလာနှင့် ဆက်စပ်ပစ္စည်း၊ မီးချောင်း ခြောက်ချောင်း၊ မီးသီး သုံးလုံးကိုလည်းကောင်း၊ ကျန်းမာရေးဆေးခန်းအတွက် 180 W ဆိုလာနှင့် ဆက်စပ်ပစ္စည်း၊ မီးချောင်း ငါးချောင်း၊ မီးသီး တစ်လုံးနှင့် ကျေးရွာလမ်းမီးတိုင် ငါးတိုင်တို့ကို အခမဲ့ တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)