ကြာအင်းဆိပ်ကြီး၊   ၃၁   ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့တို့အား ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ တံတားတစ်စင်းသည် တန်ပိုယာဉ်များဖြတ်သန်းသွားလာမှုကြောင့် တံတားကြံ့ခိုင်မှု အားနည်းလာသည့်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါတံတားမှာ ကြာအင်းဆိပ်ကြီးမြို့မှ  ၅ မိုင်ခန့်အကွာ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ နတ်ချောင်းအလယ်ကျေးရွာအုပ်စု တံတားဦးကျေးရွာ တံတားဦးချောင်းကူး သံကူကွန်ကရစ် သစ်သားဘေလီ တံတားဖြစ်ပြီး အရှည်ပေ ၂၆၀ နှင့် အကျယ် ၁၄ ပေ တံတားခံနိုင်ဝန် ၁၂ တန်  ဖြစ်ကြောင်းသိရသည်။

 

အဆိုပါတံတားကို ၁၂ တန်အောက် ကုန်စည်ယာဉ်များနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်စေရေးအတွက် တံတားအထူးအဖွဲ့(၁၄)မှ အချိန်မီပြီးစီးနိုင်စေရေး ပြုပြင် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ပြည်သူများ ပြန်လည်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)