၃၁ ဒီဇင်ဘာ

 

 

ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ် က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထိုးနှံပေးနေပေမယ့် ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေဟာ ၂၀၂၁ ခုနှစ် အထိရောက်သွားမှာ ဖြစ်ကြောင်း ဒီနေ့ (ကြာသပတေးနေ့) တွင် ပြောကြားတဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

 

 

 

ဝန်ကြီးချုပ်က နိုင်ငံအတွက် လက်တလော အချိန်တွေဟာ ခက်ခဲတဲ့အချိန်ဖြစ်တယ်။ အဲဒီအခက်အခဲတွေဟာ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကြာသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

 

 

ဝန်ကြီးချုပ်တာဝန်ကို သက်တမ်း လေးကြိမ် တာဝန်ယူခွင့်ရရှိခဲ့တဲ့ အင်ဂျလာမာကယ်က ဒီသက်တမ်းဟာ သူ့အတွက် နောက်ဆုံးအကြိမ် နှစ်သစ်ကူးမိန့်ခွန်း ပြောခွင့်ရတဲ့နှစ် ဖြစ်ပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့ နိုင်ငံသား အများစုကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသွားသလို ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းတွေကို အလေးမထားဘဲ ဆန္ဒပြသူတွေနဲ့ မျက်နှာအကာတပ်ခြင်း မရှိသူတွေကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။

 

 

၂၀၂၁ ခုနှစ်ကို ကူးပြောင်းမယ့် နှစ်သစ်ကူးညကို ဆိတ်ငြိမ်စွာ ဖြတ်သန်းရန်အတွက် မီးရှူးမီးပန်း ရောင်းချခြင်း မပြုအောင် တားမြစ်ထားပြီး လူစုဝေးခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

 

 

တစ်နိုင်ငံလုံးအား အသွားအလာ ကန့်သတ်မှု အချို့ (partial lockdown) ကို ဇန်နဝါရီ ၁၀ ရက်အထိ ဆက်လက် ပြဋ္ဌာန်းထားပြီး ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ အပန်းဖြေ နေရာတွေကိုပါ ပိတ်ထားကြောင်း သိရပါတယ်။

 

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၁,၇၁၀,၉၉၂ နဲ့ သေဆုံးသူ ၃၃,၁၇၂ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

 MDN

ကိုးကား - AFP

mdn