မင်းတပ်၊ ၃၁ ဒီဇင်ဘာ
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် လှတွီကျေးရွာတွင် စိတ်လှုပ်ရှားဖွယ် Trekking လမ်းကြောင်းများနှင့် သဘာဝအလှအပများ တည်ရှိနေသည်။
လှတွီကျေးရွာသည် ချင်းပြည်နယ် မင်းတပ်ခရိုင်၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီက ခရီးစဉ်ဒေသ Community Based Tourism (CBT) ဆောင်ရွက်ရန် လျာထားသည့် လမ်းကြောင်း(၁)ခရီးစဉ်တွင် ပါဝင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း၊ COVID-19 ကာလအလွန် ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် ကျေးရွာလူထု ပူးပေါင်းကာ ဆောင်ရွက်သည့် စွန့်စားခရီးသွား လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
လှတွီကျေးရွာ ခရီးစဉ်တွင် ကျေးရွာပြည်သူများ၏ လူနေမှုဘဝပုံစံများ ကာဏ်းမျိုးနွယ်စုတို့၏ ချင်းရိုးရာအိမ်နှင့် ယဉ်ကျေးမှုများ၊ ရိုးရာအကများ၊ ပျောက်ကွယ်လု နီးပါးဖြစ်နေသည့် နှာခေါင်းပလွေ တို့ကို တွေ့မြင်ခံစား နားဆင်နိုင်မည့်အပြင် ရိုးရာအစားအစာ များလည်း ရရှိနိုင်မည် ဖြစ်သည်။
Trekking စွန့်စားလမ်းတစ်လျှောက်တွင် ဘိုးဘေးတို့၏ အရိုးပြာထားရာ နေရာ ကျောက်ဖျာများ (Lung ng’Bum)၊ နဂါးလုံတောင်း ကျောက်ဆောင် (Lung Tawng)၊ နောင်ခေါလုံတောင်း ကျောက်ဆောင် (Nawng Khaw Lung Tawng)၊ ခါရာယ် ရေဝေတောင်တန်း (Kha Ge)၊ တွီရှိ ရေတံခွန်(Tui Shih Shawi)၊ မုန်းချောင်းရှိ နတ်သမီး ရက္ကန်းစင် (Tah Kyäng)၊ ခွက်ဗွေး(ခေါ် )သဘာဝရေအိုင်၊ ဆင်လိမ့်ကျ ရေတံခွန် (m’Vui kyah Shawi) တို့၏ သဘာဝအလှအပများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် စတုတ္ထအမြင့်ဆုံးဖြစ်သည့် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၈၈၁၈)ရှိ ထိုင်ထဲ့တောင် (Thai Theh m’Htung) ၏ နေဝင်၊ နေထွက် ဆည်းဆာအလှကိုလည်း ရှုမြင်ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
လှတွီကျေးရွာသည် ပင်လယ်ရေမျက်နှာပြင် အမြင့်(၆၅၆၀)ပေတွင် တည်ရှိပြီး အိမ်ခြေပေါင်း(၆၅)အိမ်၊ လူဦးရေစုစုပေါင်း (၃၆၇)ဦး နေထိုင်ကြောင်း သိရသည်။
#မင်းတပ်သတင်းဌာနခွဲ
#MRTV