ရန်ကုန်၊ ၃၁ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် တွံတေးမြို့နယ်၊ မယ်ပြေကျွန်းဓာတ်အားခွဲရုံ ဖွင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ဝန်ကြီးများ၊ တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ယခုဖွင့်လှစ်မည့် တွံတေးမြို့နယ်၊ မယ်ပြေကျွန်း ဓာတ်အားခွဲရုံအပါအဝင် 33/11 KV, 5 MVA ဓာတ်အားခွဲရုံသစ် (၁၃)ရုံ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ တွံတေးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝအသုံးပြုနိုင်မည်ဖြစ်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ပေ ၁၂၇၀ ခန့်ကျယ်သည့် တိုးမြစ်ကို အခက်အခဲများစွာဖြင့် ကျော်ဖြတ်ပြီး တည်ဆောက်တပ်ဆင်ခဲ့ရကြောင်းနှင့် ယခုလို တည်ဆောက်တပ်ဆင်နိုင်အောင် ဝိုင်းဝန်းကူညီပေးသော ကျေးရွာသူ ကျေးရွာသားများကို အထူးကျေးဇူးတင်ပါကြောင်း၊ တွံတေးမြို့နယ်တွင် 33/11KV, 5MVA မယ်ပြေကျွန်း ဓာတ်အားခွဲရုံအပါအဝင် 33 ကေဗွီ ဓာတ်အားလိုင်း ၁ လိုင်း၊ ၁၁ ဒသမ ၂၅ မိုင် 11 ကေဗွီဓာတ်အားလိုင်း ၂ လိုင်း၊ ၁၇ ဒသမ ၃၅ မိုင်၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာ ၈ လုံးတို့အတွက် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၂၀၃၈ ဒသမ ၃၉ သန်းအသုံးပြု၍ တိုးချဲ့တည်ဆောက်ပေးခဲ့ပြီး ကျေးရွာပေါင်း ၈ ရွာ၊ အိမ်ထောင်စုပေါင်း ၁၂၅၅ စု ထပ်မံ ဓာတ်အားရရှိမှာဖြစ်ကြောင်း ပြောကြားသည်။
လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိပါက ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖော်ဆောင်လာနိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ ရေရှည်ကောင်းမွန်ပြီး မပျက်စီးအောင် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း ဆက်လက်ပြောကြားသည်။
ထို့နောက် တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် တွံတေးမြို့နယ် 33/11 kV, 5 MVA မယ်ပြေကျွန်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများက ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာ မော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)


