ရန်ကုန်၊  ၃၁  ဒီဇင်ဘာ

ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မှတ်တမ်းများအရ နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ၌ ကလေးငယ်ပေါင်း ၂၆၈၈ ဦးခန့် မွေးဖွားလာမည်ဟု ခန့်မှန်းထားကြောင်း UNICEF မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ၌ မွေးဖွားလာမည့် ကလေးငယ် ဦးရေသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ နှစ်သစ်ကူးနေ့တွင် မွေးဖွားလာမည်ဟု ခန့်မှန်းထားသည့် ကလေးငယ်ဦးရေ  ၃၇၁,၅၀၄  ဦးအနက်မှ ၀ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းတို့၏ ပျမ်းမျှမျှော်မှန်းသက်တမ်းမှာ ၇၅ ဒသမ ၇ နှစ်ခန့်ဖြစ်ရှိမည်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့အတူ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ်၏ နှစ်သစ်ကူးနေ့တွင် ပထမဆုံးမွေးဖွားလာမည့် ကလေးငယ်မှာ ပစိဖိတ်ဒေသတွင်းရှိ ဖီဂျီနိုင်ငံမှ ဖြစ်ပြီး ၂၀၂၀ ခုနှစ် တစ်နှစ်တာ၏ နောက်ဆုံးရက်တွင် မွေးဖွားလာမည့်ကလေးငယ်မှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

 

ကမ္ဘာတစ်ဝန်းလုံးရှိ မွေးဖွားမှုများ၏ ထက်ဝက်ကျော်မှာ နိုင်ငံ ၁၀ နိုင်ငံမှ ဖြစ်မည်ဟု ခန့်မှန်းထားပြီး  ယင်းနိုင်ငံများအနက် အိန္ဒိယ မှ ၅၉၉၉၅ ဦး၊ တရုတ် မှ ၃၅၆၁၅ ဦး၊ နိုင်ဂျီးရီးယား မှ ၂၁၄၉၃ ဦး၊ ပါကစ္စတန် မှ ၁၄၁၆၁ ဦး၊ အင်ဒိုနီးရှားမှ  ၁၂၃၃၆ ဦး၊ အီသီယိုပီးယားမှ  ၁၂၀၀၆ ဦး၊ အမေရိကန်ပြည်ထောင်စု မှ ၁၀၃၁၂ ဦး၊ အီဂျစ်မှ ၉၄၅၅ ဦး၊ ဘင်္ဂလားဒေ့ရှ်မှ ၉၂၃၆ ဦး နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ  ၈၆၄၀ ဦးဖြစ်ကြောင်း သိရသည်။

 

“ဒီနှစ်က ကျွန်မတို့အားလုံးအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ပါ။ အသစ်ပြန်စတင်ဖို့အတွက် ကမ္ဘာကြီးထဲရောက်ရှိလာမယ့် ကလေးငယ်တွေကို ကြိုဆိုတာထက် ပိုကောင်းတဲ့ နည်းလမ်းမရှိနိုင်ပါဘူး။ ၂၀၂၁ ခုနှစ်ရဲ့ အခွင့်အလမ်းတွေက ကျွန်မတို့ရှေ့မှာ ရှိနေပါပြီ။ အခက်အခဲတွေကိုထားခဲ့ပြီး အခုအချိန်က ပိုကောင်းတဲ့ကမ္ဘာကြီးကို တည်ဆောက်ဖို့ အချိန် ကျပါပြီ။ ဒီနေ့မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေက ဒီနေ့မှာ သူတို့အတွက် ကျွန်မတို့ စတင်တည်ဆောက် ကာကွယ်ပေးမယ့် ကမ္ဘာကြီးကို အမွေဆက်ခံကြရမှာပါ” ဟု UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ပြောသည်။

 

၂၀၂၁ ခုနှစ်သည် UNICEF ၏ ၇၅ နှစ်မြောက်နှစ်ပတ်လည်နှစ်ဖြစ်ပြီး ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးတစ်ခုကို ပြန်လည်ပုံဖော်ပေးရန်အတွက် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် UNICEF နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် ကလေးများအား ပဋိပက္ခများ၊ အနာရောဂါများနှင့် ဖယ်ထုတ်ခံထားရမှုများမှ ကာကွယ်ပေးခဲ့သည့်အပြင် ကလေးငယ်များ၏ ရှင်သန်ရပ်တည်ခွင့်၊ ကျန်းမာရေးနှင့် ပညာရေး အခွင့်အလမ်းများ ရရှိစေရန် ရာစုနှစ်တစ်ခု၏ လေးပုံသုံးပုံခန့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူသည့် အနေဖြင့် ယခုနှစ်ပတ်လည်နှစ်အား အခမ်းအနားပွဲများ၊ ကြေညာချက်များဖြင့် အမှတ်တရ ဂုဏ်ပြုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး/ ဓာတ်ပုံ-Unicef