ရန်ကုန်၊ ၃၁ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် ဆရာတော်ကြီးများ ဟောကြားမည့် နှစ်သစ်ကူးတရားတော်များအား ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသရေး Zoom Meeting ဖြင့် ဆွေးနွေးခြင်းကို ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တရားပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အလှူရှင်များလည်း ပါဝင်ဆွေးနွေးကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း ပြည်သူ့ဥယျာဉ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၄ နှစ်ဆက်တိုက်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေသည့် အခြေအနေများကြောင့် ဆရာတော်များ ဟောကြားမည့် တရားတော်များအား မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် ရုပ်သံလိုင်းများမှတစ်ဆင့် နာကြားနိုင်ရန် ယခုလို တာဝန်ရှိသူများများနှင့် ဆွေးနွေးရခြင်းဖြစ်ကြောင်းနှင့် လိုအပ်သည်များ ပြည့်စုံအောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ညစဥ် ၇ နာရီခွဲမှ စတင်၍ မြတ်ဗုဒ္ဓ၏ တရားတော်များကို ပြန်လည်ဟောကြားမည့် ဆရာတော်ကြီးများမှ ဇန်နဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၊ ဇန်နဝါရီ ၂ ရက်နေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူဆရာတော် (Ph.D, D.Litt) ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ဇန်နဝါရီ ၃ ရက်နေ့တွင် (သ . စ . အ)ဓမ္မာစရိယ၊ ပါဠိပါရဂူ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် (သ . စ . အ) ဓမ္မာစရိယ၊ အဂ္ဂမဟာအကျော် ယောဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၊ ဇန်နဝါရီ ၅ ရက်နေ့တွင် ဒီဃနိကာယအဂ္ဂဓမ္မာစရိယ တောင်စွန်းဆရာတော် ဓမ္မဘေရိဘဒ္ဒန္တဝိရိယ၊ ဇန်နဝါရီ ၆ ရက်နေ့တွင် ရွှေပါရမီ ဆရာတော် အရှင်ဆန္ဒာဓိက၊ ဇန်နဝါရီ ၇ ရက်နေ့တွင် ရဝေနွယ် - အင်းမဆရာတော် အရှင်ရာဇိန္ဒ တို့မှ ညစဉ် ၇ နာရီခွဲတွင် SKY NET BUDDHA Channel ၊ Fortune TV ရုပ်သံလိုင်းနှင့် မဟာဗောဓိ ရုပ်သံလိုင်းတို့မှ ထုတ်လွှင့်ပူ‌ဇော်မည်ဖြစ်​ကြောင်း သိရသည်။

ဆရာတော်များအား နဝကမ္မအဖြစ် လှူဒါန်းလိုပါက KBZ Bank - 225,302,005,002,306,01 / AYA BANK - 005,322,201,000,4579 / Shwe Bank - 130,100,200,200,79200015 (ရုံးချုပ်) Account များနှင့် KBZ Pay - 09 785 001 238 / AYA Pay – 09 963 073 777 / Wave Money – 09 799 684 228 များသို့ ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)