နေပြည်တော်၊ ၃၁ ဒီဇင်ဘာ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍ သုံးသပ်ချက် အစီရင်ခံစာ (မူကြမ်း) အပေါ် ကော်မတီဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ (၃) နှစ်တာကာလအတွင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်မှ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် မူတည်၍ ပြန်လည်ဆန်းစစ်ပြီး သုံးသပ်ချက် အစီအရင်ခံစာတစ်စောင် ပြုစုရန် ဖြစ်ပါကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် အကြံပြုချက် ကော်မတီအတွင်းရေးမှူးရုံးက လေ့လာဆန်းစစ် ဖော်ထုတ်မှုရလဒ်များအရ သုံးသပ်ချက် အစီရင်ခံစာ (မူကြမ်း) ကို ပြုစုထားရှိပါသဖြင့် ထိုအစီရင်ခံစာ (မူကြမ်း) အပေါ် ဖြည့်စွက် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း။
ထိုကဲ့သို့ သုံးသပ်ချက် အစီရင်ခံစာ ပြုစုပေးခြင်းဖြင့် နောင်ဆက်လက် တာဝန်ယူမည့်သူများက လိုအပ်သော စီမံမှုများကိုချမှတ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ရေတို/ ရေရှည် စီမံချက်များဖြင့် ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ဆန်းစစ်ချက် အစီရင်ခံစာ (မူကြမ်း) ကို ကော်မတီ၏ (၄) လတစ်ကြိမ် ပြုစုထားသော ပြည်သူသို့ အစီရင်ခံစာများတွင် ဖော်ပြနိုင်ခဲ့သည့် အချက်အလက်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးအသီးက ပေးပို့လာသည့် လစဉ်အစီရင်ခံစာပါ အချက်အလက်များကို စုစည်း၍ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို အဆင့်များသတ်မှတ်ပြီး ပြန်လည်ဆန်းစစ် သုံးသပ်တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ သုံးသပ်ချက်များနှင့်စပ်လျဉ်း၍ မြေပြင်တွင် လက်ရှိအမှန်တကယ် ပြောင်းလဲမှု အခြေအနေများနှင့် ထင်ဟပ်နိုင်ရန် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်ကာ ရခိုင်ပြည်နယ်အတွင်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး၏ ပြည်နယ်ဦးစီးမှူးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ထပ်ဆင့်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါကြောင်း။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းဆောင်ရွက်ရမည့် အကျပ်အတည်း (၃) ရပ်ဖြစ်သော ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်း၊ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းဆောင် ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်တွင်း၊ ပြည်ပနှင့်ပတ်သက်သော စိန်ခေါ်မှုများအပြင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများကြောင့် လုပ်ငန်းများ အကောင်အထည်ဖော်မှု အရှိန်လျော့ကျသွားခဲ့ပါကြောင်း၊ ပြည်နယ်၏ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသောကဏ္ဍများကို ထိခိုက်စေပြီး ဒေသနေထိုင်သူများအနေဖြင့် အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေရသည့်အပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးစသော ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေခဲ့ပါကြောင်း၊ အကြံပြုချက် အများစုသည် ရေရှည်ဆောင်ရွက်ရမည်ဖြစ်ပြီး တိုးတက်မှုများကို အတိုင်းအတာတစ်ခုအထိ ရရှိခံစားကြရသော်လည်း ပမာဏအားဖြင့်ဖော်ပြရန် ခဲယဉ်းပါကြောင်း၊ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်မှုကို တိုင်းတာရန် အညွှန်းကိန်းများ ဖော်ထုတ်သတ်မှတ်ရန် လိုအပ်ပါကြောင်း၊ သိသိသာသာ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော ကဏ္ဍများတွင် အားထည့်၍ စနစ်တကျနှင့် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ပါက လာမည့်အချိန်ကာလများတွင် ပိုမိုတိုးတက် အောင်မြင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီဝင်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အကြံပြုချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စုအရေးဖြစ်ပြီး ပြည်ထောင်စုအရေးတွင် ရခိုင်ပြည်နယ်အရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်နေကြသည့်အတွက် ကော်မတီဝင်များအနေဖြင့် ရခိုင်အရေးနှင့်ပတ်သက်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ကြရာတွင် အထူးအလေးထား ဂရုပြုဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ခံစားနေကြရသော အကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် သူများအနေဖြင့် ရခိုင်ပြည်နယ်၏ သမိုင်းကြောင်း၊ ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ မတူညီသည့် လူ့အဖွဲ့အစည်းများအကြား ဖြစ်တည်နေသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများကို ဦးစွာနားလည်ထားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ရေတို/ ရေရှည် စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းများ၏ စားဝတ်နေရေး၊ ဘဝရှင်သန်နေထိုင်ရေး၊ လူ့အခွင့်အရေးနှင့် လူမှုသဟဇာတဖြစ်မှုတို့ကို ဦးစားပေးစဉ်းစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ IDP စခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအပါအဝင် အကြံပြုချက်ပါ လုပ်ငန်းကဏ္ဍများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဒေသခံများနှင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကော်မတီဝင်များအနေဖြင့် ထိုသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် စဉ်းစားချင့်ချိန်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြုမူပြောဆိုလုပ်ကိုင်မှုများသည် နိုင်ငံတကာအမြင်အပေါ် သက်ရောက်မှု ကြီးမားပါကြောင်း၊ နိုင်ငံတကာဖိအားများ လျော့နည်းသွားရန် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စများကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြန်လည်ဆန်းစစ်သုံးသပ်ပြီး အစီရင်ခံစာ ပြုစုမှတ်တမ်းတင်ထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဖိအားများကိုတုံ့ပြန်ရာတွင် လိုအပ်သည့် အချက်အလက်များအဖြစ် ပံ့ပိုးပေးနိုင်မည်ဖြစ်၍ ယခုကဲ့သို့သော အချိန်ကာလတွင် အလွန်အရေးကြီးပါကြောင်း၊ အဆိုပါ အချက်အလက်များကို အသုံးပြုဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွဲဘက်အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြံပြုချက်ပါ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရသည့် အကြံပြုချက်များအား လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအပြင် UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့များ၊ ပြည်တွင်း/ပြည်ပ အရပ်ဘက်အဖွဲ့ အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ၏ အကူအညီများဖြင့် ဆောင်ရွက်ခဲ့မှုများအပေါ် ဆန်းစစ်တွေ့ရှိချက်များ၊ ယခုသုံးသပ်ချက် အစီအရင်ခံစာပါ အချက်အလက်များကို မြေပြင်အခြေအနေနှင့် ထင်ဟပ်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ ပြည်နယ်ဦးစီးမှူးများနှင့် အစည်းအဝေးတစ်ခုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် Online ဖြင့် ကျင်းပခဲ့ပြီး တက်ရောက် ဆွေးနွေးသူများ၏ အကြံပြုချက်များ၊ သုံးသပ်ချက် အစီရင်ခံစာပြုစုနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များကို ပံ့ပိုးပေးနိုင်ခဲ့မှုများ၊ သုံးသပ်ချက်အစီရင်ခံစာ (မူကြမ်း) နှင့်စပ်လျဉ်း၍ ကော်မတီရုံးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ပေးပို့လာသည့် အစီရင်ခံစာများ၊ အချက်အလက်များနှင့် ပြည်သူသို့ အစီရင်ခံစာ (၈) ကြိမ်တွင် ဖော်ပြနိုင်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များအပေါ်တွင် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို (၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင် နှုန်း၊ ၂၁ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း၊ ၄၁ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်း ၊ ၆၁ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်း) အထိ အဆင့်သတ်မှတ် ဆောင်ရွက်ထားခြင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အတွင်းရေးမှူးရုံး ရုံးအဖွဲ့မှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ (၃) နှစ်တာကာလအတွင်း အကြံပြုချက် (၈၈) ချက်၏ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် ဆန်းစစ်သုံးသပ်ထားရှိမှု အခြေအနေကို Power Point ဖြင့်ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆန်းစစ်ချက်မူကြမ်းတွင် ပါဝင်သည့် မိမိတို့ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သုံးသပ်ချက် အစီရင်ခံစာတွင် ထပ်မံဖြည့်စွက် ရန်လိုအပ်သည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ကော်မတီဝင်များအနေဖြင့် ဆန်းစစ်ချက် မူကြမ်းအပေါ်မှာ ဖြည့်စွက် အကြံပြုပေးနိုင်ရန်နှင့် နောင်ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆက်လက် အကောင်အထည်ဖော်ရန် ကျန်ရှိသည့်လုပ်ငန်းများနှင့် ရေရှည်အကောင်အထည်ဖော်ရမည့် လုပ်ငန်းကို ရည်မှန်းချက်၊ အချိန်ကာလ သတ်မှတ်ချက်၊ ဘတ်ဂျက်လျာထားမှု၊ အညွှန်းကိန်းများ စသည်တို့ပါဝင်သော လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြပြီး ဘဏ္ဍာနှစ်အလိုက် ဆက်လက်လျာထား အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြေရှင်းဆောင်ရွက်ရမည့် ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ထိရောက်လျင်မြန်စွာ ဆက်လက် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းနှင့် ယှဉ်တွဲဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး သုံးသပ်ချက် အစီအရင်ခံစာ (မူကြမ်း) ကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ရေး အချိန်မီပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။
သတင်းစဉ်


