ကြို့ပင်ကောက်၊ ၁ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျွဲသေအုပ်စု ကျွဲသေကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သောကျေးလက်မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ကျွဲသေကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၁၉၅ လုံးရှိကြောင်း ကျေးရွာသူကျေးရွာသားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကလိုအပ်လျက်ရှိသော လျှပ်စစ်မီးအား ကျေးရွာအတွင်းမှ အိမ်ခြေ ၇၅ လုံး သုံးစွဲခွင့်ရသောကြောင့် များစွာဝမ်းသာမိကြောင်း ယခုလိုလျှပ်စစ်မီးရရှိရန် ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မြစိမ်းရောင်စီမံကိန်း၏ အတိုးရငွေ ငါးဆယ်ရာခိုင်နှုန်းငွေကျပ် ၇၇ သိန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၁၃၅ သိန်းတို့ပူးပေါင်းကာ ကျေးရွာတွင်း ၄၀၀ ဗို့လိုင်းပေ ၃၀၀၀ နှင့် ကွန်ကရစ်မီးတိုင် ၃၁ လုံးတို့ကိုဝယ်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဌ ဦးမြင့်သိန်း က ပြောသည်။

ကြို့ပင်ကောက်မြို့တွင် ကျွဲသေကျေးရွာ၊ ရှားပင်ထကျေးရွာ၊ ဖလံကုန်းကျေးရွာ၊ တောရကျေးရွာ၊ ကျွဲဘိကျေးရွာနှင့် ကျွန်းကုန်းလေးကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အတိုးရငွေများဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများပြီးစီးခဲ့ပြီးဖြစ်၍ လျှပ်စစ်မီး ရယူအသုံးပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း လယ်ဦးစုကျေးရွာတွင်လည်း ဇန်နဝါရီလ ပထမအပတ်အတွင်း မီးလင်းရေးလုပ်ငန်းများ ပြီးစီးတော့မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)