ဝန်းသို၊ ၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေအခက်အခဲရှိသည့် တောင်သူများ အဆင်ပြေစေရန်ရည်ရွယ်၍ လယ်ဧက ၁၀၀ အတွက် ရေအနည်းလို(၇)စပါးမျိုး တင်း ၁၀၀ ကို တောင်သူများအား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ရေအနည်းလို (၇)စပါးမျိုးသည် စိုက်ပျိုးချိန်မှ ရက်ပေါင်း ၁၁၆ ရက်အတွင်း အောင်မြင်ဖြစ်ထွန်း နိုင်ခြင်းကြောင့် တောင်သူများ အောင်ရေလိုအပ်ချိန်အခက်အခဲကို အဆင်ပြေစေနိုင်သည့်အပြင် သွင်းရေ ရောက်ရှိမှုနည်းပါးသည့် ရေဖျားဒေသများတွင်ပါ အောင်မြင်အောင်စိုက်ပျိုးနိုင်သည့် စပါးမျိုးဖြစ်သည့် အတွက် တောင်သူများအနေဖြင့် ရွေးချယ်စိုက်ပျိုးသင့်သည့် စပါးမျိုးတစ်ခုဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ဝန်းသိုမြို့နယ်တွင် ဆောင်းသီးနှံစုစုပေါင်း ၂၄၂၀၇ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး နွေစပါးသီးနှံစိုက်ဧက ၁၅၀၀ လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ နွေစပါး ၃၂၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


