ကျောက်ဖြူ၊ ၁ ဇန်နဝါရီ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း လေးလကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ဈေးများအား ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ခွင့်ပြုချက်ဖြင့် ယနေ့၊ နံနက်ပိုင်းမှ စတင်ကာ ပြန်လည် ရောင်းချခွင့်ပြုကြောင်း မြို့နယ်စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းအောင်ဇံ ထံမှသိရသည်။

အဆိုပါဈေးများမှာ ကျောက်ဖြူမြို့ဒေသခံပြည်သူများ၏ အဓိကအားထားရာ ဈေးများဖြစ်ပြီး ၎င်းဈေးများကို ဩဂုတ် ၂၈ ရက်နေ့မှ စတင်ပိတ်ထားခဲ့ရာမှ ယနေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ရောင်းချခွင့်ပြုခဲ့သည်။ “ဈေးရောင်းချသူများအနေနဲ့ တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေးမှာ ရောင်းချကြရန်၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာ ( Face Shield) တပ်ဆင်ပြီးမှသာ ဈေးရောင်းချရန်၊ ဈေးလမ်းအလယ်တွင် ဈေးရောင်းချခြင်းမပြုကြရန်၊ ရောင်းချသူများ အနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာစေရန်နှင့် ဈေးရောင်း၊ ဈေးဝယ်လာရောက် သူများသိရှိစေရန်အတွက် ဈေးတာဝန်ခံရုံးမှ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးလျက်ရှိပြီး ဈေးဝယ်သူများအနေ ဖြင့်လည်း အဖြစ်မနေ ပါးစပ်နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ကြရန်နှင့် ဈေးသူ၊ဈေးသားများမှလည်း ပူးပေါင်းပါဝင် လိုက်နာစေလိုပါကြောင်း ဈေးတာဝန်ခံ ဦးကျော်မိုးထွန်း” က ပြောကြားသည်။

ကျောက်ဖြူမြို့မဈေးကြီးတွင် အလှကုန်ဆိုင်ခန်း၊ စားသောက်ကုန်ဆိုင်ခန်း၊ အထည်ဆိုင်ခန်းစသည့် ဆိုင်ခန်းပေါင်း(၅၉၂)ခန်း ခန့်ရှိပြီး၊ ပြည်သာယာရေးဈေးတွင် ဆိုင်ခန်းပေါင်း (၆၅)ခန်း ခန့်ရှိကာ ၎င်းဆိုင်ခန်း များအား နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ယခင်အတိုင်း ပုံမှန်ပြန်လည်ရောင်းချခွင့်ပြုကြောင်း သိရသည်။

သတင်း- ဖြိုးဝေလင်း

ဓာတ်ပုံ- တင်ထွန်းဦး