နေပြည်တော်၊ ၁ ဇန်နဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်ရှိ ဂူနှစ်လုံးဆယ်စုကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာကျေးရွာတို့၌ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး ကွင်းဆင်းလေ့လာကြည့်ရှုကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဂူနှစ်လုံးဆယ်စုကျေးရွာအုပ်စုအနီးရှိ ကုန်းတော်ပေါ်ဂူနှစ်လုံးနှင့် အောင်မင်္ဂလာကျေးရွာအနီးရှိ ရွှေအင်းလျောင်းအင်းတို့ကို လှည့်လည်ကြည့်ရှုပြီး ရွှေအင်းလျောင်းအင်း ရေပြင်ကို သဘာဝအတိုင်း မပျက်စီးစေဘဲ သန့်ရှင်းသာယာလှပအောင် ပြုပြင်မွမ်းမံ၍ ခရီးသွားပြည်သူများ လာရောက် အပန်းဖြေ လည်ပတ်နိုင်ရန် ဆောင်ရွက်နိုင်ကြောင်း ဒေသခံရပ်မိရပ်ဖများအား မှာကြားပြီး ဒက္ခိဏသီရိမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် NAYPYITAW CITY PARK စီမံကိန်းအား လေ့လာကြသည်။ အဆိုပါစီမံကိန်းသည် ကလေးကစားကွင်း၊ Shopping Mall၊ စားသောက်ဆိုင်များနှင့် Bar များဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားများ အပါအဝင် အများပြည်သူများ အပန်းဖြေအနားယူနိုင်ရေး ရည်ရွယ်ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဂူနှစ်လုံးဆယ်စုကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာကျေးရွာတို့သည် လယ်ဝေးမြို့နယ်နှင့် ၁၂ မိုင်ခန့် အကွာတွင် တည်ရှိပြီး ဒေသခံများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက် ရှိကြသည်။
MDN


