ငဖဲ၊ ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာဘုရား သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံရန် အလှူငွေကျပ် ၂၁၅ သိန်း ပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက သုံးထပ်ဗိမာန်ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မန္တလေးမြို့ မြင့်မြတ်ချမ်းအေး ကျောက်မီးသွေးကုမ္ပဏီပိုင်ရှင် ဦးဝင်မော်မိသားစုက မန်းချောင်းဘေးရှိ ပုသိမ်-မုံရွာတိုက်တန်းပြုပြင်ရန် ငွေကျပ် သိန်း ၂၀၀ ကိုလည်းကောင်း၊ ငဖဲမြို့ မြို့မရပ်ကွက် ဦးစိုးသိန်းမိသားစုက ရာဇူတိုင်စေတီရှိ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ကြွေပြားခင်းရန် ငွေကျပ် ၁၀ သိန်းနှင့် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်ထွန်းမိသားစုက န၀ကမ္မအလှူငွေကျပ် ၅ သိန်း စုစုပေါင်း လှူဒါန်းငွေကျပ် ၂၁၅ သိန်းကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် အလှူငွေများအား တာဝန်ရှိသူများက ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမှျပေးဝေကြသည်။
မန်းရွှေစက်တော်ဘုရားပွဲ မကျင်းပမီကာလအတွင်း ဘုရားဂေါပကအဖွဲ့မှ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းနှင့် ဓာတ်လှေကားတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မယု(ငဖဲ)


