ပခုက္ကူ ၊ ၁ ဇန်နဝါရီ
ပိုမိုကောင်းမွန်သော သီးနှံဈေးကွက်စီးဆင်းမှုစနစ်ဖော်ဆောင်ခြင်းနှင့် စိုက်ပျိုးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ်ဖြင့် စိုက်ပျိုးခဲ့သည့် စမုံနက်နှမ်းများ Online မှ တစ်ဆင့် ချိတ်ဆက် ရောင်းချပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက ပခုက္ကူမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်း၌ ကျင်းပသည်။
အဆိုပါ ရောင်းချပွဲတွင် ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်က GAP စနစ်ဖြင့် စိုက်ပျိုးရာတွင် မြေဆီလွှာစစ်ဆေးမှုမှသည် မှတ်တမ်းထားရှိမှုအထိ စစ်ဆေးဆောင်ရွက်ပေးခဲ့မှုနှင့် ပိုမိုကောင်းမွန်သော သီးနှံဈေးရရှိရေး ဈေးကွက်ချိတ်ဆက်ပေးမှု အခြေအနေကို ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင် တောင်သူ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးအေးကိုက GAP စနစ် စမုံနက် နှမ်းစိုက် တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနကြား ကူညီဆောင်ရွက်ပေးခဲ့မှု၊ အကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် မန္တလေး၊ ရန်ကုန်ဈေးကွက်နှင့် Online မှ ချိတ်ဆက်၍ ရောင်းချမည့်အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လာရောက်ရောင်းချသည့် နှမ်းများကို အက်စစ်ဓာတ်နှင့် အရည်အသွေးစစ်ဆေးခြင်း၊ Online မှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်ဈေးကွက်သို့ တိုက်ရိုက်ဆက်သွယ်၍ ရောင်းချခြင်းများဆောင်ရွက် ရာ A အဆင့်ရှိ စမုံနက်နှမ်းတစ်တင်းလျှင် ငွေကျပ် ၆၀ဝ၀ဝ မှ E အဆင့်ရှိ နှမ်းတစ်တင်းလျှင် ငွေကျပ် ၄၈၀ဝ၀ အထိ အရည်အသွေးမူတည်၍ ရောင်းချရသည်။
ပခုက္ကူမြို့နယ် ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာ ၃၉ ရွာတွင် တောင်သူအစုအဖွဲ့ ၈၇ ဖွဲ့မှ တောင်သူ ၆၉၀ က GAP စနစ်ဖြင့် စမုံနက်နှမ်းဧက ၄၃၀ဝ ကျော် စိုက်ပျိုးခဲ့ကြောင်း၊ ယမန်နှစ်ကလည်း တင်းပေါင်း ခြောက်ထောင်ကျော်ကို ဈေးကွက်ချိတ်ဆက်ရောင်းချပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
ကိုဇော်(ဓာတု)


