ပဲခူး၊ ၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ရေတာရှည်မြို့နယ် ရေနီမြို့ ရွာတော်လေးကျေးရွာနှင့် ဝါးရုံလဲကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာတော်လေးကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး တောင်ငူခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးအောင်စံက လျှပ်စစ် အန္တရာယ်အကြောင်း အသိပညာပေး ပြောကြားကာ ရွာတော်လေးကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ထရန်စဖော်မာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဝါးရုံလဲကျေးရွာသို့သွားရောက်၍ ကျေးရွာမီးလင်းရေးအတွက် ထရန်စဖော်မာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်နှင့် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ရေနီမြို့လျှပ်စစ်အင်ဂျင်နီယာ ဦးရဲထိုက်ဝင်းနှင့် ဝန်ထမ်းများက ပြည်သူများလျှပ်စစ်အန္တရာယ် အကြောင်း သိရှိစေရန် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရေနီမြို့ ရွာတော်လေးကျေးရွာနှင့် ဝါးရုံလဲကျေးရွာ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ NEP စီမံကိန်းဖြင့် ၁၁ ကေဗွီလိုင်း၊ ၁၁/ဝ.၄ ကေဗွီ ၁၀ဝကေဗွီအေ(၂)လုံး ဆောင်ရွက်ပေးပြီး ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၄၀ဝ ဗို့ဓာတ်အားလိုင်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရေတာရှည်မြို့နယ် ရေနီမြို့အပိုင်နယ်မြေတွင် ကျေးရွာပေါင်း (၂၁)ရွာ ရှိရာ မီးလင်းပြီးကျေးရွာ (၂၀)ရှိသည်။ အဆိုပါကျေးရွာများတွင် NEP(၂)မိုင်တွင်း ကျေးရွာ(၁၂)ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မီးလင်းရေးဆောင်ရွက်သည့်ရွာ(၃)ရွာ၊ ကိုယ်ထူကိုယ်ထကျေးရွာ(၅) ရွာ၊ စုစုပေါင်းကျေးရွာ(၂၀)အား မီးလင်းရေးဆောင်ရွက်နိုင်ပြီး NEP(၃) မိုင်တွင်း ကျေးရွာ (၁) ရွာ တည်ဆောက်ပြီးစီးပါက ကျေးရွာမီးလင်းမှု ၁၀ဝ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူး ဒေါက်တာရန်နိုင်မောင်၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးဦးမိုးထက်တို့နှင့်အတူ ရေနီမြို့တိုက်နယ် ဆေးရုံသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်း၊ ရေတာရှည်မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွက် ငွေကျပ်(၅)သိန်း ထောက်ပံ့ခြင်းခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


