ရန်ကုန်၊ ၁ ဇန်နဝါရီ
မြန်မာချေးငွေသတင်းအချက်အလက် ဌာနအနေဖြင့် ခေတ်မီချေးငွေ သတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို တပ်ဆင်အသုံးပြုလျက်ရှိပြီး နိုင်ငံတွင်းချေးငွေရယူမှုကို အရေးပါသည့်နေရာတွင် ပါဝင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာချေးငွေသတင်းအချက်အလက်ဌာန၏ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်သော အွန် လိုင်းသတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသော မြန်မာချေး ငွေသတင်းအချက်အလက်ဌာနအနေဖြင့် ချေးငွေရယူခြင်း အလေ့အထကို ပိုမိုမြှင့်တင်ပေးရန်၊ ချေးငွေရယူ လိုသည့် တစ်ဉီးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေး ဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမှီအောင် တိုးချဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံရဲ့သမိုင်းမှာ ပထမဉီးဆုံးအနေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေကြားမှာ ချေးငွေဆိုင်ရာ သတင်းအချက်အလက်တွေကို မျှဝေပြီး ချေးငွေယူချင်တဲ့သူတွေကို ငွေချေးပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ချေကို သေသေချာချာ လေ့လာပြီး စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာချေးငွေသတင်းအချက် အလက်ဌာန ဥက္ကဋ္ဌ ဉီးဇော်လင်းအောင်က ပြောကြားသည်။
မြန်မာချေးငွေ သတင်းအချက်အလက်ဌာနမှ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေပေးသည့်အတွက် ဘဏ်များအနေဖြင့် ချေးငွေထုတ်ပေးရာတွင် ဆုံးရှုံးနိုင်ချေများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ချေးငွေဆိုင်ရာ အမှားအယွင်းများကို လျော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘဏ်များ၏ ဆုံးရှုံးများ လျော့ ကျလာမည့်အပြင် လူတစ်ဉီးချင်းကိုဖြစ်စေ၊ ကုမ္ပဏီများကိုဖြစ်စေ ငွေရေးကြေးရေးဝန်ဆောင်မှုများ ထပ်မံပေး အပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လူပုဂ္ဂိုလ်တစ်ဉီးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေသတင်းအချက်အလက် အစီရင်ခံစာ ထုတ် ပေးနိုင်သည့်အပြင် လူပုဂ္ဂိုလ်တစ်ဉီးချင်း(သို့) ကုမ္ပဏီတစ်ခု၏ ချေးငွေမှတ်တမ်းတွင် မသင်္ကာစရာ အပြုအမူတစ်ခုခုနှင့် ဆက်နွယ်နေထိုင်သည့် အပြောင်းအလဲများကို ပုံမှန်စစ်ဆေးပေးနိုင်သော ချေးငွေအချက်အလက် စောင့်ကြည့်ခြင်းကဲ့သို့ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


