နေပြည်တော်၊ ၁ ဇန်နဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ နေပြည်တော်ကောင်စီဝင်(၂) ဦးတင်ထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် အတွင်းရှိ ဂူနှစ်လုံးဆယ်စု ကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာကျေးရွာတို့သို့ သင့်လျော်သည့် ခရီးသွား လုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် ကွင်းဆင်လေ့လာကြည့်ရှုသည်။
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် အဖွဲ့သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဂူနှစ်လုံး ဆယ်စု ကျေးရွာအုပ်စု အနီးရှိ ကုန်းတော်ပေါ်ဂူနှစ်လုံးနှင့် အောင်မင်္ဂလာကျေးရွာ အနီးရှိ ရွှေအင်းလျောင်းအင်းသို့ သွားရောက် လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ရွှေအင်းလျောင်းအင်း ရေပြင်ကို သဘာဝအတိုင်း မပျက်စီးစေဘဲ သန့်ရှင်းသာယာလှပအောင် ပြုပြင်မွမ်းမံ၍ ခရီးသွား ပြည်သူများ လာရောက် အပန်းဖြေ လည်ပတ်နိုင်ရန် ဆောင်ရွက်နိုင်ပါကြောင်း ဒေသခံ ရပ်မိရပ်ဖများအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒက္ခိဏ သီရိမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် NAYPYITAW CITY PARK စီမံကိန်းအား သွားရောက် လေ့လာသည်။
အဆိုပါ စီမံကိန်းသည် ကလေးကစားကွင်း၊ Shopping Mall ၊ စားသောက်ဆိုင်များနှင့် Bar များဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ အပါအဝင် အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရေး ရည်ရွယ်ဆောက်လုပ်လျှက်ရှိသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
ဂူနှစ်လုံးဆယ်စုကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာကျေးရွာတို့သည် လယ်ဝေးမြို့နယ်နှင့် ၁၂ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး ဒေသခံများ အနေနှင့် စိုက်ပျိုးရေးကို အခြေခံသည့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


