မန္တလေး ၊ ၁ ဇန်နဝါရီ
မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ သံဃာတော်အရှင်သူမြတ်များက နှစ်ဦးပရိတ်တရားတော်များကို ဇန်နဝါရီ ၁ ရက် ညနေ ၃ နာရီမှစတင်၍ သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
နှစ်ဦးပရိတ်တရားတော်များကို မန္တလေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအများ အန္တရာယ်ကင်းရှင်းစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးအန္တရာယ်မှ ကင်းလွတ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေခြင်း အကျိုးတရားများကို ရည်ရွယ်၍ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ ပရိတ်တရားတော်များကို ဇန်နဝါရီ၁ရက်၊ ၂ရက်၊ ၃ရက်နေ့များတွင် သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။
ဇန်နဝါရီ ၁ ရက်နေ့ ပထမရက်တွင် အောင်မြေသာစံမြို့နယ် စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်ဆရာတော် အမှူးထား၍ သံဃာတော်အရှင်သူမြတ်အပါး(၃၀)တို့က ချမ်းအေးသာစံမြို့နယ် ဈေးချိုနာရီစင်အနီး၌ လည်းကောင်း၊ အောင်မြေသာစံမြို့နယ် မင်္ဂလာတံတားအနီးနှင့် မန္တလေးတောင်ခြေ၊ ခြင်္သေ့ကြီး နှစ်ကောင်အနီးရှိ အောင်မြေမဟာဗောဓိပင် ဆုတောင်းပြည့်ဘုရား တို့၌လည်းကောင်း လှည့်လည် ကြွရောက်၍ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ဒုတိယရက်ဖြစ်သော ဇန်နဝါရီ၂ရက်နေ့၌ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးဝန်းကျင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ပြင်ဦးလွင်အတက် ဘိုးဘိုးကြီးနတ်နန်းအနီး၊ အမရပူရမြို့နယ်ရှိ အိုးတော်ရပ် သံလမ်းဆုံအနီး၊ မဟာအောင်မြေမြို့နယ် ဥပေစိဘုရားတောင်ဘက်အနီး တို့တွင်လည်းကောင်း၊ တတိယရက် ဇန်နဝါရီ ၃ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် နာရီစင်အနီးနှင့် ရန်ကင်းတောင် ဘုရားအနီး၊ ပြည်ကြီးတံခွန်မြို့နယ် အင်းခရုဘုရားတို့တွင် လည်းကောင်း ပရိတ်တရားတော်များကို သံဃာတော် အရှင်သူမြတ်တို့က ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြရာတွင် ဆရာတော်သံဃာတော်များက ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ရွတ်ဖတ်ပူဇော်ကြပြီး ပြည်သူများကလည်း ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ တရားတော်များကို နာယူကြည်ညိုနိုင်ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


