သုဝဏ္ဏဝတီ၊ ၂ ဇန်နဝါရီ
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး တံတားဦးကျေးရွာအုပ်စု နန်းတောင်းကျေးရွာ၌ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး လူငယ်တစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်သန်းမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ တံတားဦးကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မောင်မောင်နှင့် အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဝေးပြေး မိုင်တိုင်အမှတ် ၁၃၇/၅ နှင့် ၁၃၇/၆ အကြားတွင် ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ သက်ပိုင်ရဲ မောင်းနှင်လာသော အဖြူရောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ ကွေ့ဝင်စဉ် လားရာတူ အနောက်မှ မြတ်စိုးဦး မောင်းနှင်ပြီး၊ စောချစ် လိုက်ပါစီးလာသော ဆိုင်ကယ်မှ ကားအား ကျော်တက် မောင်းနှင်ရာ အရိုန်မထိမ်းနိုင်ဘဲ ကားလမ်းလယ်ကောင်တွင် တိုက်မိကြရာ ဆိုင်ကယ်မောင်းသူ မြတ်စိုးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး စောချစ်(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိသွား၍ ရဲဆေးစာဖြင့် သိမ်ဆိပ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ မော်တော်ယဉ်နှင့် ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်ကြသူများအား သိမ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်(ဝင်းပ)