ဝက်လက်၊  ၂  ဇန်နဝါရီ

စစ်ကိုင်တိုင်းဒေသကြီး ဝက်လက်မြို့နယ် ရွာသစ်ကျေးရွာတွင် မိရိုးဖလာမြေအိုးလုပ်ငန်းကို လုပ်ကိုင်ကြပြီး မိသားစု စားဝတ်နေရေး အဆင်ပြေကြောင်း သိရသည်။

 

မြေအိုအမျိုးမျိုးပြုလုပ်ရာတွင် ပထမဦးစွာ နှုံးမြေ တစ်ဆ၊ မြေနီ နှစ်ဆ၊ မြေစေး တစ်ဆတို့ကိုရော၍ အင်တုံထဲသို့ ထည့်ကာ ရေစိမ်ထားရှိရကြောင်း၊ မြေများနူးပြီဆိုပါက စေးသွားအောင်ဖျာပေါ်သို့ပုံ၍ ခြေထောက်ဖြင့် အကြိမ်ကြိမ် နင်းနယ်ရကြောင်း၊ ထို့နောက် လက်လှည့်ခုံပေါ်တွင်တင်ကာ လက်ဖြင့်ပုံဖော်ကာ ပုံစံအမျိုးပြုလုပ်၍ မီးဖုတ်ရသည်။

 

ရွာသစ်ကျေးရွာမှထွက်ရှိသော ညောင်ရေအိုးတစ်လုံးကို ငွေကျပ် ၅၀၀၊ ပန်းရိုက်သောက်ရေအိုး တစ်လုံး ငွေကျပ် ၁၀၀၀၊ သောက်ရေအိုး အချော ငွေကျပ် ၁၂၀၀၊ ဇီးကွက်မြေစုဘူး ငွေကျပ် ၁၅၀၀၊ ဟင်းအိုတစ်လုံး ငွေကျပ် ၅၀၀၊ ပဲလှော်မြေဒယ်  ငွေကျပ် ၁၀၀၀ တို့ဖြင့် ဝက်လက်မြို့သို့ သွားရောက်ရောင်းချရပြီး မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း မြေအိုးအမျိုးမျိုးပြုလုပ်သူ မချိုနွဲ့ ထံမှ သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)