မန္တလေး၊ ၂ ဇန်နဝါရီ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော စေတနာ့ဝန်ထမ်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ အကွက်(၇၉၈)၊ ၂၆လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြားရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ မန္တလေးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေါက်တာခင်မောင်ကျော်နှင့် သင်တန်းနည်းပြဆရာဝန်များက Covid-19 ရောဂါကာလအတွင်း ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်းနည်းလမ်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း စသည့်ခေါင်းစဉ်များဖြင့် သင်တန်းပို့ချပေးကြသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင်မည့် လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် (၂၀)ဦး၊ ချမ်းမြသုခလူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်း volunteers (၆)ဦး စုစုပေါင်းသင်တန်းသား (၂၆)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


