လှည်းကူး ၂ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါကူးစက်ကာလအတွင်း ရပ်ကွက်/ကျေးရွာနေပြည်သူများကြား အသုံးပြုပြီး အမှိုက်များ စနစ်တကျစွန့်ပစ်တက်စေရန် ရည်ရွယ်၍ အမှိုက်နှင့် စားနပ်ရိက္ခာလဲလှယ်ပေးခြင်းကို ဒီဇင်ဘာလ နောက်ဆုံးပတ်က ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် မရမ်းချောင်ကျေးရွာအုပ်စုရှိ ပိန္နဲတောင်ကျေးရွာနှင့် ကျောက်ပုံတောင်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကြောင့် ပတ်ဝန်းကျင်ပြည်သူများ ကြုံတွေ့ခံစားရနိုင်သည့် အနံ့ဆိုးများနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ကျန်းမာရေးထိခိုက်လာနိုင်သဖြင့် We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့နှင့် We Love Hlegu လူထုအခြေပြုပရဟိတအဖွဲ့တို့မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အသုံးပြုပြီးအမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေရန်နှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်ချက်ဖြင့် ပိန္နဲတောင်ကျေးရွာနှင့် ကျောက်ပုံတောင်ကျေးရွာတို့၌ တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည် ၁အိတ်၊ ဆီ(၅၀)သား ၁ဘူး၊ ငါးသေတ္တာ(၁၀)ဘူး၊ ခေါက်ဆွဲခြောက်အထုပ် (၃၀) ၁ပါကင်၊ Hydroplus အချိုရည်(၁၂)ဘူး၊ Hand Gel(၁)ဘူး၊ နှာခေါင်းစည်း(Mask)စသည့် ပစ္စည်း (၆)မျိုးတို့ကို စုစုပေါင်း အိမ်ထောင်စု(၁၃၅)စုထံ အိမ်တိုင်ရာရောက်သွားရောက်၍ အမှိုက်နှင့် စားနပ်ရိက္ခာ တို့အားလဲလှယ်ခဲ့ပြီး စွန့်ပစ်အမှိုက်များကို စနစ်တကျသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ပိန်နဲတောင် ကျေးရွာရှိ ဓမ္မဆာယဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးထံ၌ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လည်း ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


