ပဲခူး၊ ၃ ဇန်နဝါရီ
တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီခွဲက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် ကုန်ကြီး-ဥယျာဉ်မှူး ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကွန်ကရစ်လမ်း တည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ကုန်ကြီး-ဥယျာဉ်မှူး ကွန်ကရစ်လမ်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများက ကွန်ကရစ်လမ်းအား လျှောက်လှမ်းကြည့်ရှုကြသည်။
အဆိုပါ ကုန်ကြီး-ဥယျာဉ်မှူး ကွန်ကရစ်လမ်းသည် ကတ္တရာလမ်း (၀/၆ ဒသမ ၉၉၅)မိုင်၊ ကွန်ကရစ်လမ်း (၃/၂)မိုင်နှင့် ကျောက်လမ်း (၂/၃ ဒသမ ၀၁)မိုင် စုစုပေါင်းလမ်းအရှည် (၆/၄ ဒသမ ၀၁)မိုင်ရှိသည့် Class A ဒုတိယဦးစားပေးလမ်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ (၁၁၉ ဒသမ ၀၅၉)သန်းဖြင့် ကတ္တရာလမ်း (၀/၆ ဒသမ ၉၉၅)မိုင်ကို လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ (၉၀ ဒသမ ၁၀)သန်းဖြင့် ကွန်ကရစ်လမ်း (၀ ဒသမ ၅)မိုင်နှင့် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေ (၃၈၈ ဒသမ ၁၀)သန်းဖြင့် ကွန်ကရစ်လမ်း (၂/၅)မိုင်ကို လည်းကောင်း ရေတာရှည်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မြတ်ဘုန်းသခင်ကုမ္ပဏီမှ တာဝန်ယူကာ အရှည်(၂/၅)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့်(၇)လက်မရှိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်းကြီး-ဥယျာဉ်မှူးလမ်းသည် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ကုန်းကြီး၊ ကွင်းကြီး၊ အမတ်ကြီးခုံ၊ ကြို့ပင်သာ၊ သိုင်းဝ၊ ကျွန်းတောစု၊ ဘောင်တုတ်၊ တုံးကြီး၊ လှည်းလမ်းကူး၊ သမဆယ်၊ ဥယျာဉ်မှူးကျေးရွာများ ဆက်သွယ်သွားလာနိုင်သော လမ်းဖြစ်သည်။ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)စု၊ ကျေးရွာပေါင်း (၁၁)ရွာမှ အိမ်ခြေ (၁၃၈၆)၊ လူဦးရေ (၆၁၉၅)ဦးတို့၏ စီးပွား၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


