စစ်တွေ၊ ၃ ဇန်နဝါရီ

 

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲ (ရခိုင်) VMS Sub- Control Center (Rakhine) အဆောက်အဦသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးရှိ ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲရှေ့၌ ကျင်းပသည်။

 

အဆောက်အဦသစ်ဖွင့်ပွဲတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသက်ဦးက (VMS) စနစ်အကြောင်း၊ (VMS) အဆောက်အဦနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် (VMS) အဆောက်အဦသစ်အား ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းချုပ်စနစ် Vessel Montoring System (VMS) တတ်ဆင်ရခြင်း၏ ရည်ရွည်ချက်မှာ ကမ်းနီးငါးဖမ်းရေပြင်နှင့် တားမြစ်ဧရိယာများသို့ ဝင်ရောက်ငါးဖမ်းသော စည်းကမ်းဖောက်ဖျက်သည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်များကို စောင့်ကြည့်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ (VMS) စနစ်ကို အသုံးပြုပြီး အသိပေးခြင်း၊ သတိပေးခြင်းကာလ အနေဖြင့် ဆောင်ရွက်ခဲ့ပြီး အရေးယူခြင်း၊ ပြစ်ဒဏ်များပေးခြင်းကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် (VMS) စနစ်ကို အသုံးပြုပြီး ရခိုင်ငါးဖမ်းကွက်အတွင်း ကမ်းနီး ရေပြင်နှင့် တားမြစ်ငါးဖမ်းကွက် A1၊ A2 များသို့ ဝင်ရောက်ငါးဖမ်းဆီး၍ စည်းကမ်းဖောက်ဖျက်သည့်လှေ (၇၄)စီး၊ ခံဝန်လက်မှတ်ထိုးခဲ့သည့် လှေလေးစီး၊ ဒဏ်ရိုက်ခံရသည့် လှေ (၁၂)စီးနှင့် တစ်စီလျှင်ဒဏ်ကြေးငွေ ကျပ်သိန်း (၂၀) နှင့် ငါးဖမ်းဆီးခွင့်များ တစ်စီးလျှင် နှစ်လစီ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)