ရန်ကုန်၊   ဇန်နဝါရီ

 

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲကစားမည့်ရက်များ ထွက်ပေါ်လာပြီဖြစ်ပြီး မတ်လတွင်နှစ်ပွဲ၊ ဇွန်လတွင်တစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ပွဲစဉ်လေးခုကျင်းပရန် ကျန်ရှိနေပြီး ၂၀၂၁ ခုနှစ် မတ် ၂၅၊ ၃၀ ရက်တွင်နှစ်ပွဲ၊ ဇွန် ၇၊ ၁၅ ရက်တွင် နှစ်ပွဲကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုလက်ကျန်သုံးပွဲ ကစားရန်ကျန်ရှိနေပြီး မတ် ၂၅ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၀ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။ မြန်မာနှင့် ကာဂျစ္စတန်အသင်းတို့ အိမ်ကွင်းပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ကျင်းပရန် စီစဉ်ထားသည်။ ၂၀၂၂ ခုနှစ်တွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက် ကျင်းပခြင်းဖြစ်သောကြောင့် အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများကို နှစ်လယ်ပိုင်းအပြီးကျင်းပမည်ဖြစ်ပြီး တတိယအဆင့်ခြေစစ်ပွဲကို နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပမည် ဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စု (F) တွင် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့နှင့် ကျရောက်နေပြီး ငါးပွဲကစား ခြောက်မှတ်ရရှိထားသည်။ ဂျပန်အသင်းက လေးပွဲကစား ၁၂ မှတ်၊ တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်အသင်းတို့က ငါးပွဲကစား ခုနစ်မှတ်စီ၊ မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်ရရှိထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများအတွက် ဇန်နဝါရီ ဒုတိယပတ်တွင် စတင်လေ့ကျင့်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဂျာမန်လူမျိုး အန်တွမ်နီဟေးက ဆက်လက်ကိုင်တွယ်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ ၊ ဓာတ်ပုံ-စိုးညွန့်