နယူးဒေလီ ၄ ဇန်နဝါရီ

အိန္ဒိယနိုင်ငံသည် ဇန်နဝါရီ ၃ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်အခြေအနေအတွက် သုံးစွဲခွင့်ပေးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထိုးမှုကြီးကို စတင်တော့မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးပေးရာတွင် အခက်အခဲမရှိစေရေးအတွက် ဆေးကုမ္ပဏီများမှထုတ်လုပ်မှု ချဲ့ထွင်နိုင်ရေးအကူအညီပေးရန် ဥရောပသမဂ္ဂက ကမ်းလှမ်းထားသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကြောင့် ဒုတိယအဆိုးရွားဆုံးထိခိုက်သည့်နိုင်ငံဖြစ်ပြီး အက်စ်ထရာဇနီကာနှင့် ဒေသတွင်း ဆေးဝါးကုမ္ပဏီဖြစ်သည့် ဘဟာရက် ဘိုင်အိုတက်ခ်မှ ထုတ်လုပ်သည့်ကာကွယ်ဆေးတို့ကို ခွင့်ပြုချက်ပေးထား ကြောင်း တိုင်းပြည်၏ဆေးဝါးကြီးကြပ် ကွပ်ကဲရေးအဖွဲ့က ပြောသည်။

အိန္ဒိယမှ ဆီရမ်အင်စတီကျူးသည် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး အက်စ်ထရာဇနီကာနှင့် အောက်စဖို့ဒ်တက္ကသိုလ်မှထုတ်လုပ်သည့် ကာကွယ်ဆေးကို တစ်လအတွင်း သန်း ၅၀ နှင့် ၆၀ ကြား ထုတ်လုပ်ပေးနိုင်သည်ဟု ပြောသည်။

အဆိုပါဆေးမှာ ဖိုက်ဇာ-ဘိုင်ရွန်တက်ခ် ထက်ပိုပြီး ဈေးချိုကာ သယ်ဆောင်ထိန်းသိမ်းရသည်မှာလည်း ပို၍ လွယ်ကူသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း သို့ရောက်လျှင် တိုင်းပြည်လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိသည့်အနက် သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးပေးနိုင်မည် ဟု မျှော်မှန်းထားသည်။ ။

ကမ္ဘာအနှံ့ တိုင်းပြည်အသီးသီးတို့သည်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေး ကြိုးပမ်းနေကြသည့် အတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်မှုစွမ်းအား ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း ဥရောပသမဂ္ဂ ထိပ်တန်းကျန်းမာရေးအကြီးအကဲက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ ဥရောပတစ်လွှား ကာကွယ်ဆေးထိုးပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးအတွက် ဆေးကုမ္ပဏီများကို အကူအညီပေးရန် ဥရောပ သမဂ္ဂက ကမ်းလှမ်းထားသည်။

အေအက်ဖ်ပီ