၄  ဇန်နဝါရီ

ကိုဗစ်-၁၉ ပြန်လည်ကူးစက်မှုမြင့်တက်လာခြင်းကို တားဆီးထိန်းချုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေဟာ သူတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ တင်းကျပ်လိုက်ပါတယ်။ တစ်ဖက်မှာလည်း ကာကွယ်ဆေး ဖြန့်ဖြူးတဲ့နေရာမှာ ကြန့်ကြာနေတဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ ဥရောပသမဂ္ဂဟာ ဆေးဝါးကုမ္ပဏီတွေကို ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ဖို့ ကူညီမယ်လို့ ကမ်းလှမ်းထားပါတယ်။

ကမ္ဘာ့အစိုးရတွေ ကြိုးစားလုပ်ဆောင်

ဒေသတွင်းညမထွက်ရ အမိန့်ထုတ်ပြန်မှုမှသည် အရက်သေစာရောင်းချမှု တားမြစ်ပိတ်ပင်ထားသည်အထိ ပြီးပြည့်စုံသော အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေ အပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အစိုးရတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုးလာမယ့်အရေးကို လက်မနှေးဘဲ အမြော်အမြင်ရှိရှိ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်မြစ်ဖျားခံလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခု အချိန်အထိ ကမ္ဘာ့လူသားမျိုးနွယ်ပေါင်း ၁ ဒသမ ၈ သန်းကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ အေအက်ဖ်ပီသတင်း ရင်းမြစ်မှာ ဖော်ပြထားပါတယ်။

စိုးရိမ်လျက်ရှိ

သို့သော်လည်း ကျွမ်းကျင်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုဖြစ်စဉ် အဆိုးဆုံးအခြေအနေအထိ ဖြစ်မလာသေးဘူးဆိုကာ စိုးရိမ်လျက်ရှိပါတယ်။ သူတို့ကတော့ ကိုရိုနာဗိုင်းရပ်စ်အဆိုးဆုံး အခြေအနေဟာ အပန်းဖြေအားလပ်ရက် လူစုလူဝေးတွေပြုလုပ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ပြင်သစ်နိုင်ငံက ရဲတွေဟာ ကိုဗစ်-၁၉ ဆန့်ကျင် ဆောင်ရွက်ရေးစီမံချက်တွေကို မထီမဲ့မြင်ပြုလုပ်ပြီး ကခုန်ပျော်ပါးနေတဲ့ နှစ်သစ်ကူးဆင်နွှဲသူတွေ ရာချီရှိခဲ့ တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဗန်ကောက်မှာလည်း မြင့်တက်လာတဲ့ ကိုဗစ်-၁၉ သေဆုံးမှုတွေကို တားဆီးလျှော့ချဖို့ မြို့တော်ရဲ့ ညလူမှုဘ၀ပျော်စရာတွေကို တားဆီးပိတ်ပင်လိုက်ပါတယ်။ မြို့တော်ဗန်ကောက်ရဲ့ အများပြည်သူဆိုင်ရာ စာသင်ကျောင်းတွေကိုလည်း သီတင်းပတ်နှစ်ပတ်ကြာ ပိတ်သွားမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လကပင်လယ်စာရောင်းချတဲ့ဈေးက အစပြုလို့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ ထိုင်းနိုင်ငံကို နောက်တစ်ခါ ကိုရိုနာဗိုင်းရပ်စ်အကျော့ ဂယက်ပြန်လည် ထစေခဲ့ပါတယ်။ ပြည်နယ်ပေါင်း ၇၇ ခုလောက်မှာ ၅၃ ခုလောက် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားခဲ့ပါတယ်။

အစိုးရကို တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် တတိယအကျော့ကို ခံစားနေရတဲ့ ဂျပန်နိုင်ငံမှာရှိတဲ့တိုကျိုမြို့ရဲ့ မြို့တော်အုပ်ချုပ်ရေးမှူးဟာ အရေးပေါ်အခြေအနေသစ်တစ်ခုကြေညာပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေကို ဇန်နဝါရီ ၁၇ ရက်အထိ တိုးမြှင့်လိုက်ပါတယ်။ အထူးသဖြင့် မြို့တော် ဆိုးလ်ဒေသမှာဖြစ်ပါတယ်။ ပြီးတော့ လေးယောက်ထက် ပိုပြီး လူစုလူဝေးပြုလုပ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။ ဒါကတော့ တစ်နိုင်ငံလုံးကို ကန့်သတ်မယ့် ဆောင်ရွက်ချက်ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကို ပိုမိုထုတ်လုပ်နိုင်ဖို့လို

ကမ္ဘာတစ်ဝန်း ကူးစက်မှုအရေအတွက် တိုးလာခြင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှုတွေ လွှမ်းမိုးဖို့ လိုတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ဥရောပမှာ ကာကွယ်ဆေးရရှိဖို့ နှောင့်နှေးနေခြင်းက ဥရောပသမဂ္ဂရဲ့ အမှားမဟုတ်ပါဘူးလို့ ကျန်းမာရေး ကော်မရှင်နာဖြစ်သူ စတယ်လာ ကြာရီယာကီဒက်စ်က ပြောပါတယ်။

လတ်တလောမှာ ခက်ခဲကြန့်ကြာနေမှုတွေ ဖြစ်နေခြင်းဟာ ကာကွယ်ဆေးမှာယူတဲ့ ပမာဏကြောင့်မဟုတ်ဘဲ ထုတ်လုပ်နိုင်စွမ်းအား ပြည့်မီအောင် မထုတ်လုပ်နိုင်သေး တဲ့အတွက်ကြောင့်ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားလိုက်ပါတယ်။

ဥရောပသမဂ္ဂဟာ ကာကွယ်ဆေးထုတ်လုပ်တဲ့ ဆေးဝါးကုမ္ပဏီတွေကို ကာကွယ်ဆေးတွေ ပိုမိုထုတ်လုပ်နိုင်ဖို့ ကူညီပေးသွားမယ်လို့လည်း သူက ထပ်လောင်း ပြောကြားလိုက်ပါတယ်။ အခြေအနေတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာမယ်လို့ သူကပြောပါတယ်။

ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်

ဆေးဝါးကွပ်ကဲရေးအဖွဲ့က အက်စ်ထရာဇနီကာ ကာကွယ်ဆေးကို အတည်ပြုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးအစီအစဉ်ကို စတင်နိုင်ဖို့ အိန္ဒိယနိုင်ငံဟာ စနေနေ့က တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ ကာကွယ်ဆေးထိုးနှံတဲ့ ကြိုတင်လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ကမ္ဘာ့အဆိုးဆုံးနိုင်ငံဖြစ်လာ

အမေရိကန်ပြည်ထောင်စုမှာတော့ ကာကွယ်ဆေး ထိုးအစီအစဉ်ဟာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အခုဆိုရင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်ဟာ သန်း ၂၀ ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ထို့အတူကမ္ဘာမှာ အဆိုးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာပါတယ်။

မကြာသေးမီ လအနည်းငယ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တွေဟာ စိုးရိမ်စရာကောင်းလောက်အောင် တိုးလာခဲ့ပါတယ်။ စနေနေ့ဟာ တစ်နေ့တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပြီး အဲဒီနေ့မှာ ကူးစက်ခံရသူအရေအတွက်ဟာ ၂၇၇၀၀၀ ကျော် ရှိခဲ့ပါတယ်။

ပြန်လည်ကျင့်သုံး

ရုရှားမှာတော့ လူပေါင်း ၈၀၀၀၀၀ ကျော် ပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စပွတ်နစ်ဗွီ ကာကွယ် ဆေးကို ထိုးနှံပေးထားတယ်လို့ ကျန်းမာရေးဝန်ကြီး မီခေးလ်မူရက်စ်ကို က ပြောပါတယ်။ ထို့အပြင် ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကိုလည်း လူဦးရေ ၁၄၇ သန်း ဝန်းကျင်ရှိတဲ့ နိုင်ငံတစ်ဝန်း ဖြန့်ဝေပေးထားတယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို အဆုံးသတ်ရန် ကာကွယ်ဆေး အမြောက်အမြား ထိုးနှံပေးနိုင်ရေးနဲ့ စီးပွားရေး ပြန်လည်နာလန်ထူအောင် လုပ်ဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေအစား ရုရှားနိုင်ငံမှာ နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်တားဆီးကန့်သတ်မှုတွေကို ပြန်လည် ကျင့်သုံးလာခဲ့ပါတယ်။

ကိုဗစ်-၁၉ ရိုက်ခတ်မှုကို ခံစား

ပြင်သစ်အစိုးရဟာလည်း ကိုဗစ်-၁၉ ကူးစက်မှု အကျော့ ဂယက်ရဲ့ရိုက်ခတ်မှုကို ရင်ဆိုင်နေရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ဖို့ ညမထွက်ရအမိန့်ကို ယခင်သတ်မှတ်ထားတဲ့ အချိန်ထက် နောက်ထပ် နှစ်နာရီ ထပ်တိုးလိုက်ပြီး ပြဋ္ဌာန်းခဲ့ပါတယ်။

စပိန်နိုင်ငံမှာလည်း စနေနေ့က လူသုံးရာခန့် နာရီ ၄၀ ကျော်ကြာအောင် ပါတီပွဲဆင်နွှဲခဲ့တဲ့အတွက် ရဲတွေက လူစုခွဲခဲ့ရပါတယ်။ ဗြိတိန်မှာ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိပြီးနောက် ဥရောပရဲ့ ကိုဗစ်-၁၉ ကူးစက်မှု အနည်းဆုံးဖြစ်တဲ့ နော်ဝေနိုင်ငံဟာလည်း အခုတော့ နိုင်ငံတွင်း ဝင်ရောက်လာသူတွေကို ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဂရိနိုင်ငံမှာလည်း သူရဲ့ နှစ်လကြာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကန့်သတ်မှုတွေကို ဇန်နဝါရီ ၁၀ ရက်အထိ တိုးမြှင့်လိုက်ပါတယ်။ လက်ဘနွန်မှာလည်း ဆေးရုံတွေဟာ မနိုင်ဝန်ထမ်းနေရတယ်လို့ ဆေးအဖွဲ့တွေက သတိပေး ပြောကြားလိုက်ပါတယ်။

သို့သော်လည်း ဩစတြေးလျမှာတော့ ဒစ္စနေ အော်ပရာပြဇာတ်ရုံကိုတော့ ပြန်ဖွင့်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေ လတ်တလောမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ထွက်လာသော်လည်း လိုအပ်သလောက် မထုတ်လုပ်နိုင်သေးတဲ့အတွက် ကမ္ဘာ့အစိုးရတွေဟာ ကိုဗစ်-၁၉ တားဆီးထိန်းချုပ်မှုတွေကို တင်းကျပ်စွာ လုပ်ဆောင်နေရသေးကြောင်း ရေးသားလိုက်ပါတယ်။ ။

ထွန်းသစ်စ

ကိုးကား - အေအက်ဖ်ပီ