ဂျကာတာ ၄ ဇန်နဝါရီ 

အင်ဒိုနီးရှားနိုင်ငံက   တရုတ်နိုင်ငံ Sinovac Biotech Ltd မှထုတ်လုပ် သည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများကို    ပြည်နယ်  ၃၄  ခုသို့ ဖြန့်ဖြူးမှုကို    ယနေ့   စတင်လိုက်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးဖြန့်ဖြူးမှု ဆောင်ရွက်ကြောင်း အဆိုပါဝန်ကြီးဌာန ကာကွယ်ဆေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဆီတီနာဒီရာတာမီဇီက ပြောသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနက Sinovac ကာကွယ်ဆေးကို အတည်ပြုပြီး အရေးပေါ်အသုံးပြုခွင့်ပြုပြီးနောက် အင်ဒိုနီးရှားနိုင်ငံက  ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို စတင်မည်ဟု ၎င်းက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်သည် ၁၅ လဝန်းကျင်  ကြာမြင့်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း   ၁  ဒသမ  ၃ သန်းကို ဦးစားပေး၍ ကာကွယ်ဆေး ထိုးနှံပေးမည်ဟု  ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၌  ဇန်နဝါရီ  ၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုကူးစက်မှု ၇၅၈၀၀၀ ကျော်နှင့် သေဆုံးသူ ၂၂၅၅၅ ဦးရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံက AstraZeneca Plc ၊   Novavax Inc  တို့ကဲ့သို့သော ဆေးဝါးကုမ္ပဏီများနှင့်   ကာကွယ် ဆေးဝယ်ယူရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သလို ပြည်သူ ၂၆၈ သန်းကို ထိုးနှံပေးရန် ပြည်တွင်း၌ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထုတ်လုပ်ရန်ကြိုးပမ်းလျက် ရှိသည်။

ကိုးကား-ဘလွန်းဘဂ်

ဘာသာပြန်-ကျော်ထိုက်စိုး