မော်လမြိုင်၊ ၄ ဇန်နဝါရီ
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မောရဝတီပန်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် နိုင်ငံတော်အလံကို အလံတင်အဖွဲ့မှ တိုင်ထိပ်သို့လွှင့်တင်ပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက အလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို အဆိုပါပန်းခြံ၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသော မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဖတ်ကြားခဲ့သည်။
ဝေလင်း(ပြန်/ဆက်)


