လိုင်လင်းပီ၊ ၄ ဒီဇင်ဘာ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝနှင့် မီးဇာကျေးရွာတို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်လျက်ရှိသည့် စောင်၊ ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များကို Burmese American Community Institutes (BACI) နှင့် Collaborative Initiative for Change and Development (CICD) အဖွဲ့အစည်းတို့ပူးပေါင်းပြီး အဆိုပါတိုက်ပွဲရှောင်စခန်းများတွင် ဇန်နဝါရီ ၂ ရက်က ထောက်ပံ့ပေးအပ်ကြသည်။
“ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ စားဖို့သောက်ဖို့တွေ၊ စောင်နှင့် အဝတ်အစားတွေ အခက်အခဲဖြစ်နေကြတယ်ဆိုပြီး သတင်းတွေကြားရတယ်။ အဲဒါနဲ့ USA အခြေစိုက် Burmese American Community Institutes (BACI) နှင့် ရန်ကုန်မှာရှိတဲ့ Collaborative Initiative for Change and Development (CICD) အဖွဲ့တို့က စီစဉ်ပြီးတော့ သွားရောက်လှူဒါန်းရတာ ဖြစ်ပါတယ်။ အစမှာ ဆမီးကိုလှူဖို့ စီစဉ်ထားတာဖြစ်တယ်။ ဒါပေမယ့် အဲဒီဖက်မှာကျတော့ လမ်းတွေလည်းနည်းနည်းပွင့်ပြီး သွားရောက်လှူကြတဲ့သူတွေလည်း ရှိတယ်။ ပလက်ဝကျတော့ ကိုဗစ်ကိစ္စကြောင့် အဆင်မပြေဘူး။ ဒါကြောင့် ဘယ်နေရာမှာ ပိုပြီးခက်ခဲတယ်၊ ဘယ်နေရာမှာလှူသင့်သလဲဆိုပြီး ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ဆီကို သွားရောက်တိုင်ပင်ကြတော့ မီးဇာနှင့် ရှင်းလက်ဝဖက်ဆို ဘယ်သူမှ သိပ်ပြီးတော့မရောက်ဖြစ်ကြဘူး။ လမ်းခရီးလည်းခက်ခဲတော့ အဲဒီနေရာတွေကို တခြားသူတွေလည်း သိပ်မသိကြဘူး။ အဲဒီနေရာတွေမှာ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ ဒါကြောင့် အဲဒီဖက်မှာ သွားရောက်လှူပေးကြပါဆိုပြီး ဝန်ကြီးရဲ့လမ်းညွှန်ချက်အရ မီးဇာနှင့် ရှင်းလက်ဝကို လှူဒါန်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု BACI နှင့် CICD အဖွဲ့တို့ကိုယ်စား ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးသူ ဦးဗန်ခိုင်ထန်မှ ပြောကြားသည်။
အဆိုပါထောက်ပံ့ပစ္စည်းများတွင် ဆန်အိတ် (၁၃၀)၊ ခြုံစောင် အထည် (၃၀၀)၊ ဆပ်ပြာခဲ (၉၆၀)၊ ငါးခြောက်ပိဿာ (၂၅၀)နှင့် စားဆီတစ်လီတာဆန့်ဘူး (၄၀၀)တို့ အပါအဝင် စုစုပေါင်း ကျပ်သိန်း (၁၀၀)ကျော် တန်ဖိုးရှိသည့် ထောက်ပံ့ပစ္စည်းများကို တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၆၇၂)ဦးထံ BACI နှင့် CICD တို့ကိုယ်စားများမှ လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း- ယာကမ် (ပြန်/ဆက်)
ဓာတ်ပုံ- ဗန်ခိုင်ထန်


