မုံရွာ၊ ၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန် လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲကို ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများတွင် မိမိကိုယ်ကိုမငဲ့ကွက်ဘဲ တိုင်းဒေသကြီးအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
“စိတ်ထဲမှာ ဝမ်းသာဂုဏ်ယူမိပါတယ်၊ ကိုယ့်ဌာနအတွက် လက်တွဲပြီးလုပ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ရရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ကိုယ်စား ယူခဲ့ရတဲ့ ဂုဏ်ပြုဆုတစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိအမှတ်ပြုတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်၊ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ဌာနရဲ့ လုပ်ငန်းတွေကို ကြိုးစားပြီးလုပ်ကိုင်သွားမယ်လို့ ကတိပြုပါတယ်” ဟု ဇေယျာစီမံထူးချွန်(ပထမအဆင့်)ဆုရရှိသူ စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက ပြောသည်။
ဆုပေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှုထမ်းကောင်းတံဆိပ် ချီးမြှင့်ထိုက်သူ (၆)ဦး၊ ဇေယျာစီမံထူးချွန် (ပထမဆင့်) (၄)ဦး၊ ဇေယျာစီမံထူးချွန် (ဒုတိယအဆင့်) (၂၇)ဦး၊ ဇေယျာစီမံထူးချွန် (တတိယအဆင့်) (၅၅)ဦး၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု (တတိယအဆင့်) (၂)ဦး၊ ဇေယျာစက်မှုစီးပွားထူးချွန် (ဒုတိယအဆင့်) (၅)ဦး၊ ဇေယျာစက်မှုစီးပွားထူးချွန် (ပထမအဆင့်) (၁၁)ဦး၊ ဇေယျာလူမှုထူးချွန်(ဒုတိယအဆင့်) (၆)ဦး၊ ဇေယျာလူမှုထူးချွန် (တတိယအဆင့်) (၁၂)ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဂုဏ်ပြုလက်မှတ်ရရှိသူ (၆၃)ဦးတို့အား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


