ရန်ကုန်၊ ၄ ဇန်နဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယခင် အင်းစိန်မီးရထား ခုံးကျော်တံတားအမှတ်(၂)နှင့် ဆက်သွယ်တည်ဆောက်သော အင်းစိန်မြို့နယ် မင်းကြီးလမ်းဘက်ခြမ်း အဆင်းလက်တက် မီးရထားခုံးကျော်တံတားသစ် အမှတ်(၂)ကို ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးသည်။
အဆိုပါ တံတားဖွင့်ပွဲအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် မော်တော်ယာဉ်များဖြင့် အင်းစိန်မြို့နယ် မင်းကြီးလမ်းဘက်ခြမ်း အဆင်းလက်တက် မီးရထားလမ်း ခုံးကျော်တံတားသစ် အမှတ်(၂)ပေါ်မှ ဖြတ်သန်းမောင်းနှင်ခဲ့ကြသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ -မျိုးကြီး


