မင်းလှ၊ ၄ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကျစ်ဖျားကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မူလခွင့်ပြုရန်ပုံငွေဖြင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျစ်ဖျားကျေးရွာတွင် အလျား ပေ ၁၀၀၊ အနံ ပေ ၅၀၊ အမြင့် ၃ ပေ မြေသားရေကန် တိုးချဲ့တူးဖော်ခြင်းနှင့် မြေသားတာပေါင် ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မူလခွင့်ပြုရန်ပုံငွေကျပ် ၈ သန်းဖြင့် တင်ဒါအောင်မြင်သော မြတ်ကောင်းစုကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်လဲ့ရာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၅ အိမ်မှ လူဦးရေ ၁၁၅ ဦးအပြင် ကျွဲ၊နွားတိရစ္ဆာန်များအတွက်ပါ နွေရာသီကာလ သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ပြောပြသည်။
အဆိုပါ မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၄ ရက် နံနက် ၁၀နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားရေကန်ရေရှည်တည်တံ့ခိုင်မြဲရေး၊ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ကြရန် မြို့နယ်ဦးစီးမှူးက မှာကြားခဲ့ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)


