ဟားခါး၊ ၄ ဇန်နဝါရီ

 

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းကို ပထမဆုံးအကြိမ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရေးကဏ္ဍ၊ လယ်ယာစီးပွားကဏ္ဍ၊ စက်မှုစီးပွားကဏ္ဍ၊ လူမှုရေးကဏ္ဍအသီးသီးတွင် ထူးချွန်ထက်မြက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သူများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပေးအပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ဆုရရှိသူ စုစုပေါင်း (၁၃၃)ဦးချီးမြှင့်ခဲ့ပြီး နောင်နှစ်များတွင် ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် နောင်လာမည့် သားစဉ်မြေးဆက်တိုင်အောင် အမိနိုင်ငံတော်ကြီးနှင့်အတူ ချင်းပြည်နယ်တစ်ခုလုံး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ကြိုးပမ်းအားထုတ်နေကြသည့် အချိန်အခါသမယတွင် ပြည်ထောင်စုဖွား အခြား တိုင်းရင်းသားများနှင့်အတူ တစ်တပ်တစ်အား လက်တွဲပူးပေါင်း ဆောင်ရွက်စေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က စီမံထူးချွန်ဆု(ပထမဆင့်) ရရှိသူများနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်း ဆုလက်မှတ်နှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက စီမံထူးချွန်ဆု(ဒုတိယဆင့်) ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် တာဝန်ရှိသူများက ကဏ္ဍအသီးသီးတွင် ထူးချွန်ဆု ရရှိသူများအားလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆုရရှိသူများက ဆုများအသီးသီး လက်ခံခဲ့ကြကြောင်း သိရှိရသည်။

 

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲတွင် လူမှုထူးချွန်ဆု (ပထမဆင့်) ရရှိသူ (၉)ဦး၊ လူမှုထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူ (၁၀)ဦးနှင့် လူမှုထူးချွန်ဆု (တတိယဆင့်) ရရှိသူ (၁၀)ဦး၊ စီမံထူးချွန်ဆု (ပထမဆင့်) ရရှိသူ (၂၁)ဦး၊ စီမံထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူ (၂၂)ဦးနှင့် စီမံထူးချွန်ဆု (တတိယဆင့်) ရရှိသူ (၂၈)ဦး၊ စက်မှုစီးပွားထူးချွန်ဆု (ပထမဆင့်) ရရှိသူ (၅)ဦး၊ စက်မှုစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူ (၂)ဦးနှင့် စက်မှုစီးပွားထူးချွန်ဆု (တတိယဆင့်) ရရှိသူ (၃)ဦး၊ လယ်ယာစီးပွားထူးချွန်ဆု (ပထမဆင့်) ရရှိသူ (၆)ဦး၊ လယ်ယာစီးပွားထူးချွန်ဆု (ဒုတိယဆင့်) ရရှိသူ  (၇)ဦးနှင့် လယ်ယာစီးပွားထူးချွန်ဆု (တတိယဆင့်) ရရှိသူ (၈)ဦးနှင့် ဝန်ကြီးချုပ်၏ အမှုထမ်းကောင်း လက်မှတ်နှင့် ဆုတံဆိပ်ရရှိသူ (၂)ဦး၊ စုစုပေါင်း (၁၃၃)ဦးကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)