မူဆယ်၊ ၄ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုတွင် အဓိကအသုံပြုသော နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို စမ်းသပ်ကာလ ၁၀ ရက်အဖြစ် ဇန်နဝါရီ ၅ ရက်မှ ၁၄ ရက်အထိ လက်ရှိဖွင့်လှစ်ကာလထက် ၂၄နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဌာနမှ သိရသည်။

 

နယ်စပ်ဂိတ်တချို့ကို အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ဇန်နဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံဘက်မှ နယ်စပ် တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံဘက်မှ နယ်စပ်တာဝန်ရှိသူတို့ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်၊နန်းတော်ဂိတ်တွင် အလွတ်သဘောတွေ့ဆုံ၍ အသေးစိတ်ဆွေးနွေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

မန့်ဝိန်းဂိတ်ကို အချိန်တိုးမြှင့်ဖွင့်လှစ်ဖို့အတွက် တရုတ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးပါပြီ၊ သူတို့ဘက်ကလည်း စီစဉ်ဆောင်ရွက်မှုတွေ အစီအစဉ်တစ်ကျဖြစ်နေပြီ၊ ၂၄ နာရီ ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်လည်း ဌာနအလိုက် ဆောင်ရွက်ရမယ့်ကိစ္စတွေ အကုန်ညှိနှိုင်းပြီးသွားပါပြီ၊ ဒါကြောင့် ၁၀ ရက်တာ ကာလအတွင်းမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြတဲ့ ကုန်တင်ယာဉ်တွေ အားလုံး အဆင်ပြေ ချောမွေ့သွားမယ်၊ အထူးသဖြင့် ပျော်ရွှင်ရမှာကတော့ ယာဉ်မောင်းတွေပါ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းကြရတဲ့ အတွက် အင်မတန် ဒုက္ခကြီးပါတယ်၊ ကိုယ်ချင်းလည်းစာပါတယ်၊ နယ်စပ်ဂိတ်ကို အချိန်တိုးမြှင့်ဖွင့်လှစ်တာဟာ အားလုံးကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်၊ ၂၀၂၁ ခုနှစ် နှစ်သစ်မှာ ကုန်သွယ်စီးဆင်းမှုဟာ အများကြီး တိုးလာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဟု မူဆယ်မြို့၊ (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပြသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလဖြစ်သော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးရပ်တန့်မှုမရှိအောင် နည်းလမ်းမျိုးစုံဖြင့် တာဝန်ရှိသူများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်ခုလုံးပေါ်တွင် မူဆယ်မြို့၊ နယ်စပ်ဒေသကုန်သွယ်စီးဆင်းမှုကို ၉၈ ရာခိုင်နှုန်းအထိ ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

နယ်စပ်ဂိတ်တချို့ကို စမ်းသပ်ကာလ ၁၀ ရက်ကြာ အချိန်တိုးမြှင့်ဖွင့်လှစ်သော ကာလ၌ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် မူဆယ်မြို့၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြသည့် ပို့ကုန်ယာဉ်များ ဝင်ရောက်မှုအပေါ် ပြန်လည်သုံးသပ်၍ တရုတ်နိုင်ငံ တာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

 

ကျွန်တော်တို့ရဲ့ ပို့ကုန်ယာဉ်တွေ ထောင်ချီတန်းစီနေတဲ့အတွက် အထူးကာလအဖြစ် ဆောင်ရွက်ပေးတာပါ၊ ၁၀ ရက်တာကာလအတွင်းမှာ တန်းစီနေတဲ့ ပို့ကုန်ယာဉ်တွေ မကုန်နိုင်သေးဘူးဆိုရင် နှစ်နိုင်ငံဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားဖို့ သဘောတူထားပါတယ်၊ နှစ်နိုင်ငံထပ်မံညှိနှိုင်းပြီးတော့ တစ်ပတ်တိုးဆက်ဖွင့်တာတွေ နှစ်နိုင်ငံညှိနှိုင်းမှုအရ ဖြစ်လာမှာပါ၊ ဒါပထမဦးဆုံး စမ်းသပ်တဲ့ကာလပဲဖြစ်ပါတယ်ဟု ဦးမင်းအောင်အေးက ဆက်လက်ပြောပြသည်။

 

အလားတူ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ကိုလည်း လက်ရှိ ဖွင့်လှစ်သည့် နံနက် ၈ နာရီမှ ညနေ ၆ နာရီထက် အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)