နေပြည်တော်၊  ၄  ဇန်နဝါရီ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ၁၉၆၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပညာသင်ကြားခဲ့ကြသော ကျောင်းသား ကျောင်းသူဟောင်းများ၏ (၂၃)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် virtual Meeting ကျင်းပသည်။ 

အစည်းအဝေးသို့ ဦးစီးကော်မတီ နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးသိန်းထွန်းဇော် (ဒုတိယညွှန်ကြားရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) နေပြည်တော်နှင့် အဖွဲ့ဝင်များ Online ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကော်မတီအနေဖြင့် စုဆောင်းထားသော ရန်ပုံငွေကို ထုတ်ယူ၍ ယခု ကိုဗစ်-၁၉ ကာလမှာ ပူဇော်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဇန်နဝါရီလအတွင်း အလှူငွေများကောက်ခံ၍ ပူဇော်ပွဲကို အိမ်အရောက်ပို့စနစ်ဖြင့် ဆောင်ရွက်သွားရန်၊ ရန်ပုံငွေကောက်ခံရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ က ပြောသည်။

အာစရိယ ပူဇော်ပွဲကို ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ဥက္ကဋ္ဌ ဦးသိန်းထွန်းဇော် က ကျပ်(၁၀)သိန်း၊ ဦးစိန်ဝင်းနှင့်ညီများက ကျပ်(၁၀)သိန်း၊ ဦးကျော်ငွေ+ဒေါ်ကေခိုင်မြင့် မိသားစုက ကျပ်(၁၀)သိန်း မတည်လှူဒါန်းထားကြကာ အခြေခံပညာ အထက်တန်းကျောင်း(၁၆) ရှေ့တွင်  အလှူခံကောင်တာတစ်ခု နေ့စဉ်ဖွင့်လှစ်ထားမည်ဖြစ်၍ လှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)