၅ ဇန်နဝါရီ

 

 

ဂျာမနီနိုင်ငံရှိ  လူဦးရေ ၂၆၅၉၈၆ ကို ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း ရောဘတ်ကို့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းက ပြောကြားသည်။

 

 

ကာကွယ်ဆေး ထိုးခံထားရသူများတွင် သက်ကြီးဂေဟာတွင် နေထိုင်သူ ၁၁၄၆၀၀ ကျော်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၂၃၁၀၀ နီးပါးရှိကြောင်း ဖက်ဒရယ်ပြည်နယ်များမှ ရရှိသော အချက်အလက်အရ သိရသည်။

 

 

ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၂၇ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

 

 

ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၃၅၀၀၀ ခန့် ရှိကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။

 

 

အသက် ၈၀ ကျော်ရှိသူများနှင့် သက်ကြီးဂေဟာများတွင် နေထိုင်သူများ၊ ၎င်းဂေဟာဝန်ထမ်းများသည် ကာကွယ်ဆေးထိုးနှံခြင်းခံရသည့် ပထမအုပ်စုတွင် ပါဝင်သည်။

 

 

ပထမဦးဆုံး ကာကွယ်ဆေး ၁ ဒသမ ၃ သန်းကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဂျာမနီနိုင်ငံသို့ ပေးပို့ခဲ့သည်။

 

 

ကာကွယ်ဆေးပမာဏ  ၆၇၀၀၀၀ ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီမှစတင်ကာ  အပတ်စဉ် ဖြန့်ဝေရန် အစိုးရက စီစဉ်ထားသည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး ထပ်မံလုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်နှင့် ဂျာမနီဖက်ဒရယ် ပြည်နယ်များ၏ အကြီးအကဲများသည် အင်္ဂါနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို