တနိုင်း ၅ ဇန်နဝါရီ


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေး ဌာန၌ ဇန်နဝါရီလ(၅)ရက် နံနက်(၈)နာရီတွင် စတင်ဆောင်ရွက်ခဲ့သည်။

 
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်အုပ်စုအလိုက် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ကို ထိုးနှံပေးခြင်း ဖြစ် ကြောင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါကြောင့် ကလေးတစ်ဦးအုပ်ထိန်းသူ မိခင်တစ်ဦးသာ လာရန်နှင့် Mask များမဖြစ်မနေ တပ်ဆင်လာကြရန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ မှ တစ်ဆင့်အကြောင်းကြားကာ ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများ အား ခြောက်ပေခြားအကွာ စီတန်းထားသောထိုင်ခံများတွင် စနစ်တကျ နေထိုင်စေ၍ တစ်ဦးချင်းစီ အမည်ခေါ်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန မှသိရသည်။


တနိုင်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်း နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီအချိန်အထိ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး မေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ဆေး ထိုးနှံပေးခြင်းတို့ကို မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


စိုင်းထင်ကျော်(ပြန်/ဆက်)