မိတ္ထီလာ၊ ၅ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း၌ ၂၀၂၀ပြည့်နှစ်တွင် ယာဉ်မတော်တဆမှု အကြိမ် ၂၆၀ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၃၈၈ ဦးနှင့် သေဆုံးသူ ၈၆ ဦးရှိရာ ယခင်နှစ်ကထက် လျော့နည်းလာကြောင်း အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)ထံမှ သိရသည်။
အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)အနေဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီး အရေးယူ ခြင်းလုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူစည်ကားရာ နေရာများတွင် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ဒေသခံ မော်တော်ယာဉ်၊ ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လမ်းဆုံလမ်းခွနေရာများ၊ မီးပွိုင့်နေရာများတွင် အသံချဲ့စက်ဖြင့် နေ့/ည ဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက် လျက်ရှိသောကြောင့် မိတ္ထီလာခရိုင်တွင် ၂၀၁၉ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားမှု ၃၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၆၂၈ ဦးနှင့် သေဆုံးသူ ၁၃၆ ဦးရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွင်း၌ ယာဉ်မတော်တဆဖြစ်ပွားမှု အကြိမ် ၂၆၀ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၃၈၈ ဦးနှင့် သေဆုံးသူ ၈၆ ဦးသာရှိ၍ ယခင်နှစ်ကထက် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းလာကြောင်း အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တ တပ်ဖွဲ့စုမှူး ရဲအုပ် ထွန်းမင်းထံမှ သိရသည်။
ဆက်လက်၍ အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိ ပညာပေး ခြင်းနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် အတွင်း၌ အသိပညာပေးခြင်းလုပ်ငန်း (၆၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး စည်းကမ်းပျက်ယာဉ် ၆၅၁ စီးကို တရားစွဲတင် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ ထို့အပြင် လိုင်စင်မဲ့ယာဉ် ၃၃ စီးကိုလည်း ဖမ်းဆီး တရားစွဲတင်ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


