ရန်ကုန်၊ ၅ ဇန်နဝါရီ
အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းမည့် ခုတင် ၁၀၀ ဆံ့ ဝေဘာဂီဆေးရုံ အဆောက်အဦသစ် ပန္နတင်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီအထူးကုဆေးရုံအနီး စီမံကိန်းမြေနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အေးရှားဝေါလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က အေးရှားဝေါလ်ဖောင်ဒေးရှင်း ဖြစ်တည်လာပုံနှင့် ဆေးရုံသစ်ဆောက်လုပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ဒီဆေးရုံကြီးက ပြည်သူကို အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ဆေးရုံကြီးတစ်ခု ဖြစ်လာနိုင်ဖို့အတွက် အဘက်ဘက်ကနေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့အတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကြားမှာ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်းပေါင်းစပ်ပြီး ဒီဆေးရုံကြီး အမြန်ဆုံးပေါ်ပေါက်လာနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံဆောက်လုပ်မည့် သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တင်ပေးခဲ့ကြပြီး နံ့သာရည်များ သွန်းလောင်းပေးခဲ့ကြောင်း သိရသည်။
“ဆေးရုံကြီးဖြစ်လာပြီဆိုရင် လူနာတွေကုသနိုင်တဲ့၊ အထူးသဖြင့် ကိုဗစ်ရောဂါဖြစ်တဲ့သူက အသက်ရှူလမ်းကြောင်းကို ထိခိုက်တယ်။ ဒါကြောင့် ICU တို့လို အထူးကြပ်မတ်ကုသခန်းတွေ၊ အသက်ရှူရာမှာ အထောက်အကူဖြစ်တဲ့ အောက်ဆီဂျင်တို့လို အခြေခံဒီဇိုင်းတွေကို ဒီဇိုင်းစဆွဲကတည်းက ကျွန်တော်တို့လုပ်ထားပါတယ်” က အေးရှားဝေါလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က ပြောကြားသည်။
ဝေဘာဂီကူးစက်ရောဂါ အထူးကုဆေးရုံသစ်ကြီးကို အလျား ပေ ၂၀၀၊ အနံ ပေ ၆၀ ရှိ ၃ ထပ်အဆောက်အဦ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


