ပခုက္ကူ၊   ၆  ဇန်နဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာပေါင်း(၈၅)ရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းဖြင့် ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်တွင် ကျေးရွာ(၂၄)ရွာ၊ ရေစကြိုမြို့နယ်တွင် ကျေးရွာ(၂၀)၊ မြိုင်မြို့နယ်တွင် ကျေးရွာ(၂၀)၊ ပေါက်မြို့နယ်တွင် ကျေးရွာ (၇)ရွာနှင့် ဆိတ်ဖြူမြို့နယ်တွင် ကျေးရွာ (၁၄) ရွာ တို့တွင် ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၀၀ စီနှင့် ကျေးလက်နေပြည်သူများ၏ လုပ်အား၊ ငွေအား ပူးပေါင်းပါဝင်မှုများဖြင့် စုစုပေါင်းကျေးရွာ (၈၅)ရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများ၏ နည်းပညာအကူအညီများဖြင့် ကျေးလက်နေ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သည် ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များဖြစ်သည့် ကျေးရွာတွင်း လမ်းပြုပြင်ခြင်းလုပ်ငန်း၊ ကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းနှင့် ကျေးရွာ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်းနှင့် ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာ ပေါင်း(၈၅) ရွာတွင် စီမံကိန်း ရန်ပုံငွေ ကျပ်သန်း ၈၅၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေထံမှ သိရသည်။

ဇော်မင်းဌေး